ဧရာဝတီတိုင်းမ်
(သရက်ချောင်း) ၊ သြဂုတ် ၅ ရက်

တနင်္သာရီ တိုင်း ၊ သရက်ချောင်းမြို့နယ် ၊ဝင်းဝစခန်း မှ စစ်ကော်မရှင် တပ်သား နှစ်ဦး လက်နက်အပြည့်စုံဖြင့် သြဂုတ် ၄ ရက်နေ့က အလင်းဝင်ရောက်လာလို့ ဆုကြေးငွေများချီးမြှင့် ပေးခဲ့ ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်တပ်မတော် (KNLA) တပ်မဟာ(၄)ထံ မှသိရသည်။

အလင်းဝင်ရောက်လာသော စစ်ကော်မရှင် တပ်သား နှစ်ဦး သည် ခလရ -၄၀၃ ဝင်းဝစခန်း မှ ကိုမင်းစိုး အသက် ၄၂ နှင့် ကိုဇော်ဇော် အသက် ၂၀ တို့ဖြစ်ကြပြီး ၎င်းတို့နှင့်အတူ MA-1 တစ်လက်၊ MA – 2 တစ်လက် ၊ ကျည် ၄၀၀ ၊ ကျည်ဘောက် ရှစ် ခု တို့နှင့်အတူ KNLA တပ်မဟာ(၄) ၊ တပ်ရင်း-၁၂ ၊ တပ်ခွဲ-၂ ထံသို့အလင်းဝင်ရောက်လာကြောင်းသိရသည်။

“အခု အလင်းဝင်လာတဲ့ စစ်ကော်မရှင်တပ်သား နှစ်ဦးက အရှေ့က အလင်းဝင်လာတဲ့ တပ်သား ကျော်ကျော် နဲ့ ချိတ် ဆက်ပြီး အလင်းဝင်လာတာပါ”ဟု KNU တပ်မဟာ(၄) မြိတ်ထားဝယ်ခရိုင် အတွင်းရေးမှူး ပဒိုစောအယ်နားကဧရာဝတီတိုင်းမ် ကိုပြောသည်။

အလင်းဝင်ရောက်လာသည့် စစ်ကော်မရှင် တပ်သား နှစ်ဦးကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်ရင်း-၁၂ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီးစောဒါးဒါးမှ ဂုဏ်ပြုဆုချီးမြှင့်ငွေ တစ်ဦးကို ကျပ်သိန်း ၄၀ စီပေးအပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။

ယင်းအပြင် အဆိုပါ စစ်ကော်မရှင်တပ်သား နှစ်ဦး အလင်းဝင်ရောက်လာရန်အတွက် ချိတ်ဆက်ကူညီ ဆက်သွယ်မှုပေးခဲ့သော တပ်သား ကိုကျော်ကျော်ကိုလည်း ကျပ်သိန်း ၂၀ ဆုချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။

လက်ရှိတွင် အလင်းဝင်ရောက်လာတဲ့ စစ်ကော်မရှင် တပ်သားများကို ကောင်းမွန်စွာ ပြုစုစောင့်ရှောက် ပေးထားပြီး ၎င်းတို့ သဘောဆန္ဒအလျောက် ပြုလုပ်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း အဆိုပါ တပ်ရင်း ထံမှသိရသည်။

ဓာတ်ပုံ ၊ KNU တပ်မဟာ (၄)
‎ပုံစာ ၊ကရင်အမျိုးသားလွတ်မြောက်‌ရေးတပ်မတော် K.N.L.A တပ်မဟာ(၄) သို့ အလင်းဝင်ရောက် လာသည့် စစ်ကော်မရှင်တပ်သား ၂ ဦး နှင့် တာဝန်ရှိသူများကို တွေ့ရစဥ်။