
ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်
စစ်ကော်မရှင်တပ်သည် စစ်ရေယာဉ်အုပ်စုဖြင့် ဗန်းမော်မြို့သို့ လက်နက်၊ ရိက္ခာနှင့် လူအင်အားများ ဖြည့်တင်းခဲ့ပြီးနောက် ရေကြီးမှုကို အခွင့်ကောင်းယူ၍ တိုက်ပွဲများစတင်ခဲ့ရာ တစ်ဖန်ပြန်လည် ပြင်းထန်လာကြောင်း သိရသည်။
စစ်ကော်မရှင်တပ်သည် ယမန်နေ့ ဩဂုတ် ၄ ရက် နံနက်ပိုင်းမှစ၍ ဗန်းမော်မြို့တွင်းသို့ ဒရုန်းများ အပါအဝင် မြေပြင်မှ စစ်ကြောင်းထိုးလာခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
“စစ်တပ်က ရေကြီးတာကို အခွင့်ကောင်းယူပြီး ဗန်းမော်စစ်မျက်နှာမှာ အင်အားဖြည့် တပ်ဖြန့်တာတွေ လုပ်ပြီး ချက်ချင်းဆိုသလို လေကြောင်းကပါ တိုက်ခိုက်လာပါတယ်” ဟု စစ်ရေးသတင်းရင်းမြစ် တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဩဂုတ် ၄ ရက်နေ့ မွန်းလွဲ ၁ နာရီဝန်းကျင်တွင် တိုက်လေယာဉ်နှစ်စင်းနှင့် ဗုံးကြဲချခဲ့ပြီး ညနေ ၄ နာရီ ၃၀ မိနစ်တွင်လည်း တိုက်လေယာဉ်တစ်စင်းဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
လေကြောင်းစနစ် ထောက်လှမ်းနေသည့် ဒေသတွင်း သတင်းရင်းမြစ်များ၏ အဆိုအရ တံတားဦး လေတပ်ဆွယ်မှ MIG 29 တစ်စီးနှင့် မိတ္ထီလာရှမ်းတဲလေတပ်မှ FTC 2000G (Tail No.1411) နှင့် Yak 230 တိုက်လေယာဉ်များ အသုံးပြု၍ ဗန်းမော်မြို့ကို လေကြောင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။
ယနေ့ ဩဂုတ် ၅ ရက် နံနက်ပိုင်းတွင်လည်း စစ်ကောင်စီတပ်က မြေပြင်စစ်ကြောင်းထိုးမှုများရှိနေပြီး ဒရုန်းများဖြင့် ဗုံးကြဲတိုက်ခိုက်မှုများပါ ပြုလုပ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁ ရက်နေ့ ည ၈ နာရီခန့်က ဗန်းမော်မြို့သို့ ကမ်းကပ်လာသည့် စစ်သင်္ဘောများသည် ကမ်းကပ်သည်နှင့် လက်နက်ခဲယမ်းနှင့် လူအင်အားများချပေးခဲ့ပြီး အထက်သို့ ဆန်တက်ရန် ကြိုးစားခဲ့သဖြင့် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားခဲ့သေးသည်။
စစ်ကောင်စီတပ်သည် ဗန်းမော်ကမ်းနားတစ်လျှောက်ရှိ ခွန်သာ၊ တပ်ကလေး၊ ရွှေကျီးနားကျေးရွာ များဘက်သို့ စစ်ကြောင်းထိုး၍ စိုးမိုးမှုရယူရန် ကြိုးစားနေပြီး တပ်မ ၈၈ ကိုပါ အင်အားဖြည့်ရန် ရည်ရွယ်ချက်ရှိကြောင်း မြေပြင်အခြေအနေများကို လေ့လာနေသည့် Banmaw Scout Team ထံမှ သိရသည်။