
ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုကျေးရွာအနီးတွင် တိုက်ပွဲဖြစ်ပွားနေပြီး စစ်မကော်ရှင်၏ အမြောက်တပ်မှ လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်း သိရသည်။
ရေကြည်အမြောက်တပ် ၃၄၄ မှနေ၍ စက်စက်ယိုကျေးရွာတဝိုက်ကို ယနေ့ ဩဂုတ် ၅ရက်နေ့ နံနက် ၉နာရီခန့်က လက်နက်ကြီးများပစ် ရမ်းသန်းပစ်ခတ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

”အမြောက်တပ်ကနေ လက်နက်ကြီးကျည် သုံးလုံးပစ်တယ်။ စက်စက်ယိုအရှေ့ကရွာကို တစ်လုံး ကျတယ်။ ကျန်နှစ်လုံးဘယ်ကိုကျလဲ မသိဘူး။ အမြောက်ကျည်ကျတဲ့ရွာက တိုက်ပွဲဖြစ်ပွားခြင်းလည်း မရှိပါဘူး” ဟု စက်စက်ယိုဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
စက်စက်ယိုရွာ အရှေ့ဘက်ရှိ ကျေးရွာအတွင်း လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲပြီး နေအိမ်များ ပျက်စီးကာ ဒေသခံတစ်ဦးလည်း ထိခိုက်ဒဏ်ရာရရှိကြောင်း သိရသည်။

စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းအဖွဲ့တို့သည် ယမန်နေ့ ဩဂုတ် ၄ရက်နေ့ ည ၈နာရီ ၃၀မိနစ်တွင် တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
”ည ၈နာရီခွဲကနေ ၉နာရီခွဲထိ နှစ်ဖက် လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ အပြန်အလှန်ပစ်ခတ်သံတွေ ကြားရတယ်။ မနက်ပိုင်းမှာတော့ အမြောက်တပ်ဘက်ကနေ လက်နက်ကြီးတွေပစ်ကူနေတယ်” ဟု စက်စက်ယိုဒေသခံကဆိုသည်။
ရေကြည်မြို့နယ်အတွင်းတွင်လည်း တိုက်ပွဲအချို့ရှိနေပြီး ပြီးခဲ့သည့် ဩဂုတ် ၂ရက်နေ့က အမြောက်တပ် ၃၄၄ အတွင်း ဒရုန်းဖြင့်တိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်ဘက်က သေဆုံးထိခိုက်မှုများခဲ့သည်။