ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ သြဂုတ် ၅ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကော့လှိုင်ရွာအနီးတွင် တော်လှန်ရေးပူးပေါင်း တပ်များနှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကော်မရှင်တပ်သား သုံးဦး သေဆုံးပြီး လေး ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

စစ်ကော်မရှင်တပ်မှ အင်အား ၆၀ ခန့်သည် ယမန်နေ့ သြဂုတ် ၄ ရက် မွန်းလွဲ ၁ နာရီ ၁၅ မိနစ်ခန့်ကတော်လှန်ရေး ပူးပေါင်းတပ်များ ရှိသည့် နေရာအနီးသို့ရောက်ရှိလာကြပြီး နှစ်ဖက်ထိတွေ့ ပစ်ခတ်မှုဖြစ်ပွား ခဲ့ကြောင်း ဒေါနစစ်ကြောင်းမှူး စောဒါးကိုထံမှ သိရသည်။

“အခုတိုက်ပွဲ ဖြစ်တာက အရင်ထိတွေ့မှုဖြစ်တဲ့နေရာ မဟုတ်ပဲ နောက်တစ်နေရာပါ။ ကော့လှိုင်ရွာ အနီးမှာပဲ။ ဒီကောင်တွေက အင်အား ၆၀ လောက်နဲ့ ကျွန်တော်တို့ တော်လှန်ရေးတပ်ဖွဲ့ဝင် တွေရှိတဲ့နေရာကို အတင်းဝင်တိုးလာတာ။ အဲဒီမှာစပြီးပစ်ခတ်မှုဖြစ်တယ်။ အပြန်အလှန် ပစ်ခတ်မှု တစ်နာရီလောက်ကြာတယ်” ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော် (PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး၊ ဒေါနစစ်ကြောင်းမှူးလည်းဖြစ်သူ စောဒါးကိုက ဧရာဝတီတိုင်းမ် ကိုပြောသည်။

စစ်ကော်မရှင် တပ်ဖွဲ့ဝင်များသည် ၎င်းတို့လက်လွှတ်ဆုံးရှုံးထားသော ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စုလမ်းမကြီးကို နယ်မြေစိုးမိုးနိုင်ဖို့အတွက် ထိုးစစ်ဆင် တိုက်ခိုက်လာခြင်းဖြစ်ကြောင်း သိရသည်။

“ကျွန်တော်တို့ စိုးမိုးထားတဲ့ ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းကို ပြန်လည် စိုးမိုးချင်တဲ့သဘောမျိုးနဲ့ ထိုးစစ်ဆင်လာတယ်။ ပြန်လည်ရှင်းလင်းချင်တဲ့သဘောမျိုး ဖြစ်တယ်” ဟု ဒေါနစစ်ကြောင်းမှူး စောဒါးကိုက ဆက်လက်ပြောကြားသည်။

တော်လှန်ရေးပူးပေါင်းတပ်များ နှင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များသည် ထိတွေ့တိုက်ပွဲများ မကြာခဏ ဖြစ်ပွားလာနေပြီး စစ်ကော်မရှင်က လက်နက်ကြီး ပစ်ခတ်မှုများကိုလည်း ဆက်တိုက်ပြုလုပ် နေကြောင်း သိရသည်။

ယင်းအပြင် ကော့လှိုင်ကျေးရွာအတွင်းရှိ ဘုန်းကြီးကျောင်း ၊စာသင်ကျောင်းနှင့် ဒေသခံပြည်သူများ၏ နေအိမ်များတွင်လည်း စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ တပ်စွဲနေထိုင်လျက်ရှိသောကြောင့် ဒေသခံပြည်သူ လူထုများအနေဖြင့် စစ်ဘေးလွတ်ရာ နေရာများသို့ တိမ်းရှောင်နေကြဖို့ ဒေါနစစ်ကြောင်းမှူး စောဒါးကိုက အသိပေး တိုက်တွန်းပြောကြားxm;သည်။

ကလိန်အောင်မြို့ ၊ ကော့လှိုင်ရွာ အနီးသို့ စစ်ကြောင်းထိုးလာသော စစ်ကော်မရှင် တပ်ရင်းများ မှာ ခလရ – ၂၈၂ ၊ခလရ – ၂၇၃ ၊ ခမရ – ၄၀၈ ၊ ခမရ – ၄၀၉ ၊ ခမရ – ၄၁၀ တပ်ရင်းတို့ ဖြစ်ကြောင်းသိရသည်။

ဓာတ်ပုံ -ဒေါနစစ်ကြောင်း