‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၅ ရက်

‎ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်ရှိ နွယ်အေးရပ်ကွက်တွင် စစ်ကော်မရှင်နှင့်အဖွဲ့က လူငယ်များကိုဖမ်းဆီးပြီး စစ်မှုထမ်းရန်ပို့ဆောင်ကာ ငွေညှစ်မှုများရှိနေကြောင်း သိရသည်။

‎သာကေတနှင့်ဒေါပုံမြို့နယ်တဝိုက်မှ လူငယ်များကို စစ်ကော်မရှင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးအဖွဲ့က ပေါ်တာဆွဲဖမ်းဆီးပြီး နွယ်အေးရပ်ကွက်၊ အေးရွာရှိ ဂိုထောင်တစ်ခုတွင်ချုပ်နှောင်ထားကြောင်း သိရသည်။

‎ဖမ်းဆီးထားသည့် လူငယ်၊ လူရွယ်များကို အရက်နှင့် မူးယစ်ဆေးဝါးများ တိုက်ကျွေးထားကာ စစ်မှုထမ်းဖောင်တွင် လက်မှတ်ရေးထိုးခိုင်းကြောင်း Rangoon Scout Network ၏ထုတ်ပြန် ချက်အရ သိရသည်။

‎”ပြန်ပေးဆွဲသလိုဖမ်းခေါ်နေကြတာပါ။ အုပ်ချုပ်ရေးရုံးထဲ ထုနှက်ပြီး အိမ်ကိုလာရွေးခိုင်းတာရှိသလို၊ စစ်မှုထမ်းထဲ ထည့်လိုက်တာတွေလည်း ရှိတယ်” ဟု ဒေါပုံတွင် နေထိုင်သူအမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ဖမ်းဆီးထားသည်ကို သိရှိပြီး လာရောက်ရွေးယူသည့် မိသားစုဝင်များထံမှ ကျွေးမွေးစရိတ်ဟုဆိုကာ ကျပ်ငွေ ၅သိန်းအထက် တောင်းယူမှုများရှိကြောင်း သိရသည်။‎ငွေကြေးတတ်နိုင်သည့် မိသားစုဝင်ဆိုပါက ငွေကျပ် သိန်းရာနှင့်ချီတောင်းယူပြီး မပေးပါက စစ်မှုထမ်းခိုင်းမည်ဟု ခြိမ်းခြောက်မှုများရှိကြောင်း ဒေါပုံမြို့နယ်အတွင်း နေသူများထံမှ သိရသည်။

‎ပြီးခဲ့သည့် လအတွင်းကလည်း လူငယ်တစ်ဦးကို ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့က ဖမ်းဆီးသွားရာ အဆိုပါလူငယ်မှာ ဒေါပုံ ရဲစခန်းမှ ရဲတပ်ဖွဲ့ဝင်၊ အရာရှိများနှင့် ခြင်းခတ်နေကျ ရင်းနှီးသူဖြစ်သည့်အတွက် ဒုရဲအုပ်နှင့်အဖွဲ့က သွားရောက်ရွေးယူခဲ့ရကြောင်း သိရသည်။

ပုံစာ-စစ်ကော်မရှင်၏ စစ်မှုထမ်းသင်တန် သင်တန်းတက်ရောက်ရန် အဓမ္မခေါ်ယူစုဆောင်းခြင်း ခံခဲ့ရသည့် လူငယ်များ။