‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၄ရက်

‎ဖားကန့်မြို့နယ်၊ ဖားကန့်ဗျူဟာအနီးရှိ ညောင်ပင်ကုန်း စခန်းကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ပြန်လည် သိမ်းယူလိုက်ပြီး တိုက်ပွဲဆက်လက်ဖြစ်ပွားနေကြောင်း သိရသည်။

‎ရှရော်ခရွာအဝင်ရှိ ညောင်ပင်ကုန်းစခန်းကို ပြီးခဲ့သည့် ဩဂုတ် ၂ရက်နေ့တွင် စစ်ကော်မရှင်က ထိုးစစ်ဆင်ဝင်ရောက်သိမ်းယူခဲ့ခြင်းဖြစ်ပြီး ယနေ့ ဩဂုတ် ၄ရက် နံနက်ပိုင်းတွင် KIA က ပြန်လည်သိမ်းယူလိုက်ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

ထို့ကြောင့် ‎စခန်းကုန်းအနီးနှင့် မှော်စီစာရွာ ဘုရားကုန်းအနီးတို့တွင် စစ်တပ်စစ်ကြောင်းနှင့် KIA တို့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

‎”လက်နက်ကြီးတွေနဲ့အပြန်အလှန်ပစ်ခတ်ပြီး တိုက်ပွဲပြင်းထန်တယ်။ ရှရော်ခဘက်ရော၊ မှော်စီစာ ဘက်ရော တိုက်ပွဲပြင်းထန်ပါတယ်” ဟု မှော်စီစာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ယမန်နေ့ ဩဂုတ် ၃ရက်နေ့နှင့် ယနေ့ ဩဂုတ်၄ရက်တို့တွင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲအတွင်း မျောက်ဖြူ ကျေးရွာနှင့် ရှရော်ခကျေးရွာတို့မှ ဒေသခံ သုံးဦးသေဆုံးပြီး ၁၀ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသတွင်း ကူညီနေသူများထံမှ သိရသည်။

‎စစ်ကောင်စီတပ်များ ဖားကန့်သို့ ဝင်ရောက်လာပြီးနောက် မော်မောင်းကုန်းနှင့် လမောင်ကုန်းတို့ကို စိုးမိုးမှုရယူရန် စစ်ကြောင်းများခွဲကာ ထိုးစစ်ဆင်နေခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‎စစ်ကော်မရှင်နှင့် KIAတို့ အပြန်အလှန်ရယူရန်ကြိုးပမ်းနေသည့် ညောင်ပင်ကုန်းမှာ ဖားကန့်ဗျူဟာ အနီးတွင်တည်ရှိပြီး စစ်ရေးအရ အရေးပါသည့် စိုးမိုးကုန်းတစ်ခုဖြစ်ကြောင်း သိရသည်။

ပုံစာ-KIA တပ်ဖွဲ့ဝင်များ (ပုံဟောင်း)