ဧရာဝတီတိုင်းမ်
(မင်းလှ)၊ ဩဂုတ် ၄ ရက်

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ပဲခူးရိုးမအတွင်းရှိ မင်းလှဆည်ဘောင်တွင် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက်နေ့က စစ်တပ်မှ ထွက်ပြေးလာသည့် တပ်သားသစ် နှစ် ဦးကို သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၅ ဗျူဟာစစ်ကြောင်းမှ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်တပ်ထံမှ ထွက်ပြေးလာသည့် တပ်သားသစ်နှစ်ဦးမှာ အတင်းအဓမ္မတပ်သားစုဆောင်းခံရပြီးနောက် လှည်ကူးရှိ ရဲမွန်တပ်မြို့ သင်တန်းကျောင်းသို့ ပို့‌ဆောင်ခံရပြီး စစ်မှုထမ်းအမှတ်စဥ်(၁၂)အဖြစ် စစ်သင်တန်းတက်ခဲ့ရပြီးနောက် လှိုင်မြို့နယ်ရှိ ဘုရင့်နောင် စစ်ကြောရေးတွင် ရှေ့တန်းသွားရန် လူစုနေစဉ် အခြားတပ်သားသစ် လေး ဦးနှင့်အတူ ထွက်ပြေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့က တော်လှန်ရေးတပ်ကို ဆက်သွယ်တာမဟုတ်ဘူး။ ရခိုင်ဘက်ကို ရှေ့တန်းပို့ခံရမယ်ဆိုတာ သိပြီး ထွက်ပြေးလာကြတာ။ မင်းလှဇာတိဆိုပေမဲ့ ရွာတွေထဲပြန်မနေရဲလို့ ဆည်နားလာနေကြတာ။ ကျွန်တော်တို့တပ်ဖွဲ့တွေနဲ့တွေ့တော့ လူစိမ်းဆိုတော့ ဖမ်းပီးစစ်တော့မှ တပ်ကထွက်ပြေးလာကြမှန်း သိတာ။ သူတို့နဲ့ တူတူထွက်ပြေးခဲ့တဲ့ တခြားလေးယောက်ကတော့ ဘယ်ကိုရောက်နေမှန်း မသိဘူးပြောတယ်” ဟု သာယာဝတီခရိုင် တပ်ရင်း-၃၈၀၂ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထွက်ပြေးလာသည့် တပ်သားသစ် စောထူးဖော သည် အုတ်ဖိုမြို့နယ်ဇာတိဖြစ်ကာ သစ်ရောင်းပြီး ပြန်လာစဉ် မတ် ၁၄ ရက်နေ့တွင် ဖမ်းဆီးတပ်သားစုခံရခြင်းဖြစ်သည်။ စောအယ်ကညောမှာ မင်းလှမြို့နယ်ဇာတိဖြစ်ကာ ဝါးခုတ်နေစဉ် မတ် ၂၈ ရက်၌ ဖမ်းဆီးတပ်သား စုဆောင်း ခံခဲ့ရခြင်း ဖြစ်ကြောင်းလည်း သိရသည်။

သာယာဝတီခရိုင်အတွင်း မင်းလှမြို့နယ်တွင် ပြီးခဲ့သည့် ဩဂုတ် ၂ ရက်နေ့ကလည်း စစ်တပ်မှ စစ်မှုထမ်းတပ်သားသစ်အဖြစ် စုဆောင်းရန် ပေါ်တာဆွဲဖမ်းဆီးခြင်းခံထားရသည့် လူငယ် ၁၉ ဦးမှာ ဖမ်းဆီးထားသည့်နေရာမှ ထွက်ပြေးခဲ့ရာ တစ် ဦးကို ပြန်လည်ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ – ပေးပို့
ပုံစာ – တပ်သားသစ်နှစ်ဦးကို စတင်ဖမ်းဆီးရမိခဲ့စဉ်