နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်

အာဏာသိမ်းပြီး လေးနှစ်ခွဲကျော်လာချိန်တွင် စစ်ကော်မရှင်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၎င်းတို့၏ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံသည့် ဖက်ဒရယ်စနစ်အတိုင်း သွားမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း သိရသည်။

လက်ရှိ ယာယီသမ္မတနှင့် စစ်ကော်မရှင်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် ၎င်းက ပြီးခဲ့သည့် ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီအစည်းအဝေးတွင် ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

စစ်ခေါင်းဆောင်က “မိမိတို့ နိုင်ငံရဲ့ အရှိတရားနဲ့ ကိုက်ညီအောင် ရေးဆွဲပြဋ္ဌာန်းထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ လုပ်ပိုင်ခွင့် အနှစ်သာရတွေကို အကျိုးရှိအောင် အသုံးချပြီး အကောင်အထည်ဖော် ဆောင်ရွက်သွားရမယ်” ဟု ပြောဆိုခဲ့သည်။

လေ့လာသူများကမူ စစ်ခေါင်းဆောင်သည် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မကျေနပ်၍ အာဏာ သိမ်းခဲ့သော်လည်း ၎င်းတို့ မထင်ထားသော အခြေအနေများ ကြုံတွေ့လာရသည့်အတွက် “ဖက်ဒရယ်” ဆိုသည့် ခေါင်းစဉ်ဖြင့် ပြန်လည်စည်းရုံးရန် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု ထောက်ပြသည်။

၎င်းတို့ပြောဆိုသည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေသည် ဗဟိုစုစည်းမှုနှင့် ဗဟိုအုပ်ချုပ်မှုကို အားကောင်းစေရန် ကန့်သတ်ရေးဆွဲထားသော ဖွဲ့စည်းပုံတစ်ခုဖြစ်ပြီး ယင်းအပေါ်အခြေခံသည့် ဖက်ဒရယ်မျိုးကိုသာ စစ်ခေါင်းဆောင်က စဉ်းစားပြောဆိုနေခြင်း ဖြစ်ကြောင်း သိရသည်။

တစ်ဖက်တွင်ရှိသော လူမျိုးစုနှင့် တော်လှန်ရေးအင်အားစုများ တောင်းဆိုနေသည့် ဖက်ဒရယ်စနစ်မှာမူ ကိုယ်ပိုင်လွတ်လပ်ခွင့်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အခြေခံသည့် ဖက်ဒရယ်အုပ်ချုပ်မှုစနစ် ပုံစံ ဖြစ်ကြောင်း မြန်မာ့အရေး လေ့လာစောင့်ကြည့်သူ ဒေါက်တာစိုင်းကြည်ဇင်စိုးက ဆိုသည်။

“သူပြောတဲ့ ၂၀၀၈ ခြေ/ဥ ဘောင်ထဲကရှိနေတဲ့ ဖက်ဒရယ်ဆိုတဲ့ဟာနဲ့ တော်လှန်ရေး အင်အားစုတွေ အထူးသဖြင့် လူမျိုးစု အစုအဖွဲ့နဲ့ စုဖွဲ့ထားတဲ့ အင်အားစုတွေ ပြောနေတဲ့ ဖက်ဒရယ်ဆိုတဲ့ အဓိပ္ပာယ် မှာတော့ ကွာဟမှုတွေ ကြီးကြီးမားမားရှိတယ်” ဟု ဒေါက်တာစိုင်းကြည်ဇင်စိုးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

နိုင်ငံတစ်နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေသည် အမြင့်ဆုံးဥပဒေ (Mother Law) ဖြစ်ပြီး ၎င်းကို ရေးဆွဲရာတွင် နိုင်ငံအတွင်းရှိ မတူညီသော အင်အားစုများနှင့် အုပ်စုများအကြား နိုင်ငံရေးအရ ညှိနှိုင်းမှုဖြင့် ပါဝါချိန်ခွင်လျှာ မျှတအောင် ရေးဆွဲသင့်ပြီး ကမ္ဘာတွင်လည်း ထိုသို့ ရေးဆွဲကြကြောင်း သိရသည်။

သို့သော် စစ်ခေါင်းဆောင်သည် ၎င်းတို့စစ်တပ် စိတ်ကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပုဒ်မ ၄၁၇ နှင့် အခန်း (၁၁) ပါ ပြဋ္ဌာန်းချက်များကိုယ်တိုင် ဖောက်ဖျက်၍ အာဏာသိမ်းယူခဲ့ခြင်းကြောင့် ယင်းဥပဒေသည် ဖျက်ပြယ်သွားကာ အသုံးပြု၍ မရတော့ကြောင်းနှင့် ၎င်းတို့သည်လည်း တရားဝင်မှုမရှိကြောင်း ဥပဒေပညာရှင်များက ထောက်ပြသည်။

သို့သော် စစ်ခေါင်းဆောင်သည် ၎င်းတို့စစ်တပ် စိတ်ကြိုက်ရေးဆွဲခဲ့သော ၂၀၀၈ ခြေ/ဥ ပုဒ်မ- ၄၁၇ နှင့် အခန်း (၁၁) ပါ ပြဌာန်းချက်များကို ဖောက်ဖျက်၍ အာဏာသိမ်းယူခဲ့ခြင်းကြောင့် ယင်းဥပဒေသည် ပျက်ပြယ်သွားကာ အသုံးပြု၍ မရတော့သလို ၎င်းတို့သည်လည်း တရားဝင်မှုမရှိကြောင်း သိရသည်။

စစ်ခေါင်းဆောင်၏ ပြောစကားသည် “ကျွဲချိုမှ နွားနို့ညှစ်” သကဲ့သို့ ဖြစ်နေပြီး မြန်မာနိုင်ငံနှင့် သင့်တော်သည့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန်အတွက် အနည်းဆုံး အချက် (၅) ချက်ဖြင့် ပြည့်စုံရမည်ဖြစ်ကြောင်း ဥပဒေပညာရှင် ဦးအောင်ထူးက ဆိုသည်။

ထိုအချက်များကို ၂၀၀၈ ခြေ/ဥအောက်၌ မည်သို့မျှ ဖော်ဆောင်၍ မရကြောင်း ဥပဒေ အထောက်အကူပြုကွန်ရက် တည်ထောင်သူနှင့် လူ့အခွင့်အရေး ရှေ့နေကြီးဖြစ်သူ ဥပဒေပညာရှင် ဦးအောင်ထူးက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောပြသည်။

မြန်မာနိုင်ငံနှင့် သင့်တော်သည့် ဖက်ဒရယ်စနစ်ကို ဖော်ဆောင်ရန်အတွက် အနည်းဆုံး လိုအပ်သည့် အချက် (၅) ချက်မှာ
(၁) လူမျိုးကို အခြေခံလျက် အမျိုးသားပြည်နယ်၊ အမျိုးသားများပြည်နယ်များဖြင့် ပြည်ထောင်စုကို ဖွဲ့စည်းခြင်း။
(၂) အောက်ခြေမှအထက်သို့ (Bottom Up) ဟူသည်မှာ ပြည်နယ်များကို အခြေပြုလျက် ပြည်ထောင်စုကို ဖွဲ့စည်းခြင်း။
(၃) ပြည်နယ်များနှင့် ယင်းပြည်နယ်များအတွင်းရှိ လူထုများက အဓိကအားဖြင့် အချုပ်အခြာအာဏာကို ပိုင်ဆိုင်ခြင်း၊ (Provincial Sovereignty)။
(၄) ယင်းအချုပ်အခြာ အာဏာများအနက် ဖက်ဒရယ်ဗဟိုသို့ လိုအပ်သမျှကို လွှဲပြောင်းအပ်နှင်းခြင်း၊ (Delegated Power but not decentralization)။
(၅) နိုင်ငံရေးနှင့် ဖွဲ့စည်းပုံ ပြဿနာများအား ညှိနှိုင်းဖြေရှင်း၊ (သို့မဟုတ်) လူထုဆန္ဒခံယူမှု နည်းလမ်းများဖြင့် ဖြေရှင်း၍မရပါက ငြိမ်းချမ်းစွာဖြင့် တရားလွှတ်တော်ချုပ် (သို့မဟုတ်) ပြည်နယ်တရားရုံးချုပ်၏ အဆုံးအဖြတ်ကို ခံယူလိုက်နာခြင်းတို့ဖြစ်ကြောင်း ဦးအောင်ထူးထံမှ သိရသည်။

စစ်ခေါင်းဆောင်သည် စစ်အစိုးရနှင့် စစ်ကော်မရှင်တို့ကို ဖွဲ့စည်းပြီး ၎င်း၏လူယုံတော်များကို လိုသလိုပုံဖော် ပြောင်းရွှေ့နေရာပေးကာ တော်လှန်ရေး အင်အားစုများ သိမ်းပိုက်ထားသော မြို့နယ် ၆၃ ခုကို စစ်အုပ်ချုပ်ရေး ကြေညာ၍ စစ်‌အရှိန်မြှင့် ဗုံးကြဲတိုက်ခိုက်နေဆဲ ဖြစ်သည်။

ထို့ကြောင့် စစ်ခေါင်းဆောင်၏ “ဖက်ဒရယ်” ပြောဆိုမှုနှင့် လက်တွေ့လုပ်ဆောင်မှုများအကြား ကွာဟချက်များ ရှိနေသည်ကို လေ့လာသူများက ထောက်ပြပြောဆိုနေခြင်းဖြစ်သည်။

ဓာတ်ပုံ – MOI
ပုံစာ- စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား တွေ့ရစဉ်။