‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၄ ရက်

‎ကျောက်ဖြူမြို့နယ်အတွင်း စစ်ကော်မရှင်လက်လွှတ်ထားရသည့် ကျေးရွာများကို စစ်ကြောင်းပြန်ထိုးလာသဖြင့် တိုက်ပွဲများ ဖြစ်ပွားနေကြောင်း သိရသည်။

‎ယမန်နေ့ ဩဂုတ် ၃ရက်နေ့ နံနက်အစောပိုင်းအချိန်တွင် ပြိုင်စေ့ကေနှင့် မလကျွန်းအနီးတွင် စစ်ကော်မရှင်နှင့် AAတို့တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များထံမှ သိရသည်။

‎”လက်နက်ကြီး အပြန်အလှန်ပစ်တာရယ်၊ တိုက်ပွဲငယ်အနည်းငယ်နဲ့ ငြိမ်နေရာက အခု စစ်တပ်ဘက်က စစ်ကြောင်းထိုးလို့ တိုက်ပွဲဆက်ဖြစ်လာပါတယ်။ မြို့ပေါ်မှာတော့ တရုတ်ကတားလိုက်လို့ AAကအပစ်ရပ်နောက်ဆုတ်လိုက်ပြီ။ အခုက ဆုံးရှုံးထားရတဲ့ စခန်းတွေပြန်ယူနေတာလို့ စစ်တပ်ကသတင်းလွှင့်ထားပါတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎ဇူလိုင်လအတွင်းက မလကျွန်း၊ ပြင်ရှည်၊ ရွာသစ်ကျေးရွာများဘက်သို့ထိုးဖောက်လာသည့် စစ်ကော်မရှင် စစ်ကြောင်းမှာ AA၏ တိုက်ခိုက်မှုကြောင့် OGT ဓာတ်ငွေ့စက်ရုံအထိ နောက်ဆုတ်ပေးခဲ့ရပြီး ယမန်နေ့က အင်အားအလုံးအရင်းဖြင့် စစ်ကြောင်း ထိုးလာသည့်အတွက် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

‎ထို့အပြင် ရဲတပ်ရင်း ၃၂ နားအထိ တပ်ဆုတ်ခဲ့သည့် စစ်ကော်မရှင်စစ်‌ကြောင်းက မင်းတပ်တောင်အနီးထိ စစ်ကြောင်းထိုးဝင်ရောက်လာသည့်အတွက် AAနှင့်ထိတွေ့တိုက်ပွဲ ဖြစ်ပွါးခဲ့ခြင်းဖြစ်သည်။


‎ဓညဝတီရေတပ်ဌာနချုပ်နှင့်အနီးတဝိုက်အထိ တိုက်ပွဲများနီးကပ်လာပြီး လက်နက်ကြီး အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

‎ဇူလိုင်လလယ်တွင် နှစ်ဖက်အပြန်အလှန် နည်းပညာအသုံးပြုပြီး တိုက်ခိုက်မှုများပြုလုပ်ကာစစ်ကော်မရှင်ဘက်က အင်အားနှင့် လက်နက်ခဲယမ်းများစုဆောင်းမှု ပြုလုပ်ခဲ့ကြောင်း တပ်သတင်းရင်းမြစ်ထံမှ သိရသည်။

‎ကပ်သပြေ၊ Shwe OGT ဓာတ်ငွေ့စက်ရုံနှင့် ရဲတပ်ရင်း ၃၂အထိ နောက်ဆုတ်ပေးထားရသည့် စစ်ကော်မရှင်တပ်သည် ဩဂုတ် ၁ ရက်နေ့မှစပြီး လက်လွှတ်လိုက်ရသည့် နယ်မြေများကို ပြန်လည်စစ်ကြောင်းထိုးလာကြောင်း သိရသည်။