ဧရာဝတီတိုင်းမ်
ဩဂုတ် ၅ ရက်

ဧရာ၀တီတိုင်းတွင် ပြီးခဲ့သည့် ဇူလိုင်လအတွင်း ကွမ်းစိုက်ပျိုးသည့် ဒေသများတွင် မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေကြီးမြင့်မှုများကြောင့် ရေကြီးနစ်မြုပ်ပြီး ကွမ်းရွက်ဈေးများမြင့်တက်လာကြောင်း သိရှိရသည်။

ယခင်က ကွမ်းရွက်တစ်ပိသာလျှင်ကျပ် ၁၅၀၀၀ ဈေးရှိခဲ့ရာမှ သြဂုတ်လအစပိုင်းမှစတင်ပြီး ကျပ် ၄၅၀၀၀ အထိ ဈေးတက်သွားခဲ့ကြောင်း သိရသည်။

“ဧရာ၀တီတိုင်းမှာ ပန်းတနော်ကွမ်းရွက်က အကောင်းဆုံးပဲ ခုတစ်ပိသာကို လေးသောင်းကျော်ဆိုတော့ ၀ယ်မရောင်းနိုင်တော့ဘူး။ အညံ့စားကွမ်းရွက်တောင် တစ်ပိသာ နှစ်သောင်းလောက်ဟာပဲ၀ယ်ပြီး ထိန်းရောင်းနေရတယ်”ဟု ပုသိမ်မြို့မှ ကွမ်းယာဆိုင်ပိုင်ရှင်တစ်ဦးမှ​ ဧရာဝတီတိုင်းမ်ကိုပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လအတွင်း မိုးသည်းထန်စွာရွာသွန်းခြင်း၊ မြစ်ရေကြီးမှုများကြောင့် ကွမ်းခြံများအတွင်း ရေ၀င်ရောက်ကာ ပျက်စီးမှုများရှိသောကြောင့် ယခုလို ဈေးတက်နေခြင်းဖြစ်ပြီး စက်တင်ဘာလကုန်တွက်ဈေးပြန်ကျနိုင်ကြောင်း ကုန်သည်များက ခန့်မှန်းပြောဆိုသည်။

ဧရာဝတီတိုင်းရှိ ကျိုက်လတ်၊ ဖျာပုံ ၊ ပန်းတနော် ၊ ဟင်္သာတ၊ ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ဓနုဖြူ၊ ဝါးခယ်မ၊ သားပေါင်းမြို့နယ်များတွင် ကွမ်းရွက်အများဆုံးစိုက်ပျိုးကြောင်း သိရသည်။