ဧရာဝတီတိုင်းမ်
(ပလက်ဝ)၊ သြဂုတ် ၄ရက်

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့၊ ပါဝကျေးရွာမှ နိုင်ငံရေးပုဒ်မဖြင့် အကျဥ်းကျခံနေရသည့် ဒေသခံ ၁၆ ဦးသည် လွတ်ရက်စေ့၍ ဩဂုတ်လ ၁ ရက်နေ့တွင် ပုသိမ်အကျဥ်းထောင်မှ ပြန်လည် လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

ပလက်၀ဒေသခံများသည် ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလက ပါဝကျေးရွာ မင်္ဂလာဆောင်တစ်ခုတွင် CDF-Paletwa တပ်ဖွဲ့ရောက်ရှိသည်ဟုဆိုကာ စစ်ကောင်စီ၏ ဖမ်းဆီးခြင်းကို ခံခဲ့ရခြင်း ဖြစ်ပြီး ဖမ်းဆီး ခံရပြီးနောက် အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၂(က) ဖြင့် ထောင်ဒဏ်လေးနှစ် ချမှတ်ခံခဲ့ရ သူများဖြစ်သည်။

“လွတ်ရက်စေ့ပြီး ပြန်လွတ်လာကြတာပါ။ ကျန်းကျန်းမာမာနဲ့ ရန်ကုန်မှာရှိတဲ့ အသိမိတ်ဆွေတွေဆီ ရောက်နေကြပါပြီ။ ပြန်လွတ်လာသူတွေအတွက် ဝမ်းသာသလို နောက်ထပ် ပုသိမ်ထောင်မှာ ပါဝရွာက လေးယောက် ကျန်သေးတယ်။ သူတို့အတွက်လည်း စိတ်မကောင်းဘူး” ဟု ပလက်ဝဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အကျဥ်းထောင်များတွင် စစ်ကောင်စီက နှစ်စဉ် အကျဥ်းသားများကို လွတ်ရက်ဖြေလျော့ခွင့်နှင့် လွတ်ငြိမ်းခွင့်များပေးသော်လည်း ဤပလက်ဝမြို့နယ်မှ အကျဥ်းသားများသည် အကြမ်းဖက်ပုဒ်မဖြင့် ထောင်ကျခံရသည့်အတွက် မည်သည့်ဖြေလျော့ခွင့်မျှ မရရှိခဲ့ကြောင်း ဒေသခံများက ဆိုသည်။

၎င်းတို့သည် ကျသင့်သည့်ပြစ်ဒဏ်များကို ပြည့်ပြည့်ဝဝ ကျခံပြီးမှသာ ယခုကဲ့သို့ ပြန်လည် လွတ်မြောက် လာခြင်း ဖြစ်သည်။

“အမှန်ဆို သူတို့က ပြန်လွတ်သင့်တာ ကြာပြီ။ ထောင်မှာအကျဥ်းသားတွေ နှစ်တိုင်း ဖြေလျော့ရက် တွေရတယ်။ လွတ်ငြိမ်းခွင့်တွေရကြတယ်။ သူတို့က တစ်ယောက်မှမရကြဘူး။ နိုင်ငံရေးအကြမ်း ဖက်ပုဒ်မနဲ့ ဖြစ်လို့ သူတို့ဖြေလျော့ရက် မရကြဘူး။ အခုသူတို့အားလုံး ကျသင့်တဲ့ပြစ်ဒဏ်တွေ ကျခံပြီးမှ လွတ်ကြတာပါ”ဟု ပလက်ဝဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပါဝကျေးရွာတွင် ဖမ်းဆီးခံရစဥ် ၁၉ ဦးဖြစ်ပြီး ထိုထဲမှ အကြမ်းဖက် ပုဒ်မ – ၅၂ (က) ဖြင့် ထောင်ဒဏ် ၇ နှစ် ချမှတ်ခံရသူ သုံးဦးသည် ပြန်လွတ်လာခြင်းမရှိဘဲ ပုသိမ်အကျဥ်းထောင်တွင် ဆက်လက် အကျဥ်းကျခံနေရဆဲဖြစ်သည်။ အဆိုပါ ဖမ်းဆီးခံရသူ အမျိုးသား ၁၉ ဦးထဲတွင် ခရစ်ယာန်ဘာသာရေး ဓမ္မဆရာ၊ ကျောင်းဆရာ နှင့် ညီအစ်ကိုနှစ်ဦးတို့လည်း ပါဝင်ကြောင်း သိရသည်။

ဓာတ်ပုံ-ပေးပို့
ပုံစာ-ပုသိမ်ထောင်မှ လွတ်လာကြသည့် ပလက်ဝဒေသခံများကို တွေ့ရစဥ်။