
ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြောက်စမ်း အမြောက်တပ် အမတ ၃၄၄ ဒရုန်းဗုံးကြဲတိုက်ခိုက်ခံရပြီး စစ်ကော်မရှင်တပ်ဘက်က သေဆုံးမှုများပြားကြောင်း သိရသည်။
အမြောက်တပ် ၃၄၄ကို ပြီးခဲ့သည့်ရက်ပိုင်း ဩဂုတ် ၂ရက်နေ့တွင် တော်လှန်ရေးပူးပေါင်းတပ်များက ဒရုန်းများအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့သည့်အတွက် စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ သေဆုံးမှုများပြား ခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
” ရေကြည်မှာ တိုက်ပွဲလည်းရှိနေတယ်။ အမြောက်တပ် တိုက်ခိုက်ခံရတယ်လို့လည်းကြားပါတယ်။ ပြီးခဲ့တဲ့ လကုန် ၃၁ ရက်နေ့ကတည်းက အမြောက်တပ်ကနေ လက်နက်ကြီးနဲ့ နေ့တိုင်းပစ်နေတာပါ။ ညပိုင်းတွေရော ၊ မနက် ၄နာရီလောက်လည်း ထပစ်ပါတယ်။ AA နဲ့ ပူးပေါင်းတပ်တွေရှိတဲ့ ရွာတွေကိုပစ် နေတာလို့လည်း သတင်းလွှင့်ထားတယ်” ဟု ရေကြည်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ထိုသို့ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကော်မရှင်သည် ရေကြည်မြို့နယ်အတွင်းရှိကျေးရွာများကို လက်နက်ကြီးများဖြင့် နေ့ရော ညပါ ပစ်ခတ်မှုများပြုလုပ်ခဲ့ကြောင်း သိရသည်။
မြောက်စမ်းအမြောက်တပ်ကို စစ်ကော်မရှင်က လူအင်အားတိုးချဲ့ ပို့ဆောင်မှုများပြုလုပ်ထားသလို နှစ်ထပ်ဘန်ကာများဆောက်လုပ်ခြင်း၊ ကတုတ်ကျင်းတူးခြင်းများအပြင် ဆက်သွယ်ရေးမြောင်းများပါ တူးဖော်၍ ခံစစ်အင်အား မြှင့်တင်ထား သည်။
ကျုံပျော် ခလရ ၃၆မှ ထုတ်နှုတ်တပ်များအပြင် ရေနံ့သာစစ်ဆေးရေးဂိတ်တွင်အင်အားဖြည့်ထားသည့် ပြည်သူ့စစ်များကိုပါ အမြောက်တပ်အတွင်းပို့ဆောင်ထားကြောင်း ဒေသခံများထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လအတွင်းကလည်း အမြောက်တပ်အတွင်းသို့ ကျည်ကာအပြည့်အစုံဝတ်ဆင် ထားသည့် အသေခံတပ်သား ၂၈၀ ခန့်ကို စစ်သုံး ဖောကားများဖြင့် ပို့ဆောင်ခဲ့သည်။ ထို့အပြင် စစ်မှုထမ်း အမှတ်စဉ် (၁၂) သင်တန်းဆင်းများကိုလည်း အမတ ၃၄၄အတွင်း အင်အားဖြည့်ထားကြောင်း သိရသည်။