‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၄ရက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ကုန်းပြင်ကျေးရွာအုပ်စုရှိ သရက်ပင်ကြီးစုကျေးရွာအနီးတွင် စစ်ကော်မရှင်တပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။

ဩဂုတ် ၂ရက်နေ့ ညပိုင်းမှစပြီး တိုက်ပွဲပိုမိုပြင်းထန်လာပြီး ‎စစ်ကော်မရှင်က လေကြောင်းမှ အပြင်းအထန် တိုက်ခိုက်ခြင်းအပြင် လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်လျက်ရှိသည်။

‎”ဒရုန်းနဲ့ ဗုံးကြဲတာတော့ နေ့တိုင်းလိုလိုပဲ။ အမြောက်တပ်က နေ့တိုင်းပစ်နေတာ ကြားနေရတယ်။ လေကြောင်းကဗုံးကြဲရင်ကြဲ၊ မကြဲရင် ကင်းထောက်ပြီးပျံနေတယ်။ လူတွေကတော့ ငသိုင်းချောင်းမြို့ ပေါ်စစ်ရှောင်သွားသူတွေလည်းရှိသလို၊ ကျန်တဲ့သူတွေလည်း ရှိနေတုန်းပါပဲ” ဟု ရေကြည်ဒေသခံ တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့ ညနေပိုင်းမှစတင်ကာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့ပြီး ဒရုန်းဗုံးကြဲခြင်း၊ လက်နက်ကြီးပစ်ခတ်ခြင်းများပါ လုပ်ဆောင်ခဲ့သည်။ ရေကြည် အမြောက်တပ် (အမတ ၃၄၄) မှနေ၍ တိုက်ပွဲဖြစ်ပွားရာ သရက်ပင်ကြီးစုရွာနှင့် အနီးဝန်းကျင်ရွာများကို လက်နက်ကြီးများဖြင့် နေ့စဉ်ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

ထို့ပြင် ရေကြည်၊ လေးမျက်နှာ၊ အင်္ဂပူမြို့နယ်တို့၏ အစပ်ရှိ ကျေးရွာများကိုလည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ပိန္နဲကွင်း၊ သံပုရာကွင်း၊ ကြက်ပေါင်ကုန်း၊ ကျောက်စရစ်ကုန်း၊ လယ်တံငယ်ကျေးရွာများကို လေကြောင်းမှ ၉ ကြိမ်တိုင် တိုက်ခိုက်ခဲ့ကြောင်းလည်း သိရသည်။

‎ဧရာဝတီတိုင်းအတွင်း တော်လှန်ရေးတပ်ဖွဲ့များလှုပ်ရှားမှု အနည်းငယ်ငြိမ်သက်သွားချိန်တွင် စစ်ကောင်စီက ဆုံးရှုံးနယ်မြေများဘက်သို့ စစ်အင်အားပို့ခြင်း၊ စစ်ကြောင်းထိုးခြင်းများပြုလုပ်လာ၍ တိုက်ပွဲများ ပြန်လည်ဖြစ်ပွားလာခြင်းဖြစ်သည်။ ယခုတိုက်ပွဲများကြောင့် ဒေသခံအချို့ ငသိုင်းချောင်း မြို့ပေါ်သို့ စစ်ဘေးရှောင်နေရပြီး ကျန်ရှိသူများမှာလည်း စိုးရိမ်ပူပန်စွာဖြင့် နေထိုင်နေရကြောင်း သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်(ပုံဟောင်း)