ဧရာ၀တီတိုင်းမ်
ဩဂုတ် ၄ ရက်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ရွာငံမြို့နယ်၊ အောင်ပန်း-မန္တလေး လမ်းမကြီးပေါ်ရှိ ရေပြာအိုင်အနီးတွင် ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ၁၀၀၃ တပ်ရင်းသည် ယမန်နေ့ ဩဂုတ်လ ၃ ရက်နေ့က ယာဉ်အသွားအလာ စစ်ဆေးမှုများနှင့် မူးယစ်ဆေးဝါး ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ဆေးမှုများသည် ဓနုဒေသရှိ ပြည်သူလူထုနှင့် ပိုမိုရင်းနှီးမှုရရှိစေရန်နှင့် လုံခြုံရေးအတွက် ရှေ့ရှုကာ ဆောင်ရွက်ခြင်းဖြစ်ကြောင်း တပ်ရင်းက ယနေ့ ဩဂုတ် ၄ ရက် တွင် ထုတ်ပြန်သည်။

ဓနု PDF ၁၀၀၃ တပ်ရင်း၏ ထုတ်ပြန်ချက်အရ ၎င်းတို့အနေဖြင့် စစ်ကော်မရှင်၏ စိုးမိုးနယ်မြေများတွင် ရှောင်တခင်စစ်ဆေးမှုများ၊ ပြည်သူလူထုနှင့် တွေ့ဆုံမှုများ ပြုလုပ်သည့်အခါတိုင်း ပြည်သူများကို ထိခိုက်နစ်နာမှုမရှိစေရန် အစဉ် တစိုက် ဂရုစိုက်ဆောင်ရွက်လျက်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ပြင် ပြည်သူလူထုအနေဖြင့် စစ်တပ်ထုတ်ကုန်များ မသုံးစွဲရန် တိုက်တွန်းထားပြီး လုံခြုံရေးဆောင်ရွက်နေစဉ်အတွင်း စစ်တပ်ထုတ်ကုန်များ သယ်ဆောင်လာသည်ကို တွေ့ရှိရပါက ပစ္စည်းများအား ထိန်းသိမ်းသိမ်းဆည်းခြင်းခံရမည် ဖြစ်ကြောင်း ဓနု PDF က အသိပေးထားသည်။

ထို့ပြင် ပြည်သူများအနေဖြင့် ၎င်းတို့၏ ရဲဘော်များနှင့် တွေ့ဆုံသည့်အခါ စစ်အုပ်၏ စစ်တပ်ကဲ့သို့ ကြောက်လန့်နေစရာမလိုကြောင်း ကိုလည်း ထည့်သွင်းအသိပေးထားသည်။

ဓာတ်ပုံ-ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ ၁၀၀၃ တပ်ရင်း