
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၄ ရက်
စစ်ကော်မရှင်လက်အောက်ခံ မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ (MPC) နှင့် ထိုင်းနိုင်ငံ သတင်းမီဒီယာ ကောင်စီ (NPCT) တို့သည် ပြီးခဲ့သည့် သြဂုတ်လ ၁ ရက်နေ့က ဘန်ကောက်မြို့၌ သတင်းမီဒီယာလုပ်ငန်း ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာ (MoU) ကို လက်မှတ်ရေးထိုးခဲ့ကြောင်းသိရသည်။
ထိုသို့ MoU လက်မှတ်ရေးထိုးသည့် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီ (MPC) သည် အာဏာသိမ်း စစ်အုပ်စု၏ လက်အောက်တွင် ဖွဲ့စည်းထားသော အဖွဲ့အစည်းဖြစ်သောကြောင့် ၎င်းတို့၏ လုပ်ငန်းပူးပေါင်းဆောင်ရွက်မှုသည် မြန်မာ့မီဒီယာလွတ်လပ်ခွင့် အခြေအနေအရ မေးခွန်းထုတ်စရာများ ရှိလာနေသည်။
MPC ဥက္ကဋ္ဌ ဒေါက်တာတင်ထွန်းဦး၊ အတွင်းရေးမှူး ဦးအေးချမ်း (ရေတပ်ဗိုလ်ချုပ်နှင့် ဝန်ကြီးဟောင်း ဦးစိုးသိန်း၏သား)၊ တွဲဖက်အတွင်းရေးမှူး (၂) ဦးရဲမင်းစိုး တို့ပါဝင်သော မြန်မာသတင်းမီဒီယာကောင်စီအဖွဲ့သည် ထိုင်းနိုင်ငံ သတင်းမီဒီယာ ကောင်စီ (NPCT) ဥက္ကဋ္ဌ Mr. Chavarong Limpatt-amapanee ဦးဆောင်သည့်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် MoU ကို လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်ကြောင်း စစ်ကော်မရှင် အာဘော် သတင်းစာများတွင် ဖော်ပြထားသည်။
MPC အဖွဲ့သည် ဇူလိုင် ၃၁ ရက်မှ ဩဂုတ် ၂ ရက်အထိ Bangkok Post, NBT နှင့် မဟာချိုင် Cable TV တို့ကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။
၂၀၂၁ ခုနှစ်တွင် စစ်တပ်အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံ၏ မီဒီယာလွတ်လပ်ခွင့် အခြေအနေမှာ ဆိုးရွားစွာ ကျဆင်းလျက်ရှိကာ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ (IPCM) ၏ ၂၀၂၅ ခုနှစ်၊ မေလ ၃ ရက်အထိ စာရင်းများအရ၊ သတင်းသမား ၄၀ ဦး (အမျိုးသား ၃၃ ဦး၊ အမျိုးသမီး ၇ ဦး) သည် ယနေ့အထိ ဖမ်းဆီးအကျဉ်းချခံထားရဆဲ ဖြစ်ပြီးသတင်းမီဒီယာ လုပ်ငန်းခွင်အတွင်းသေဆုံးခဲ့ရသူ ခုနစ် ဦး ရှိခဲ့သည်။
ပြည်တွင်းပြည်ပရှိ လွတ်လပ်သော မီဒီယာ ၃၇ ဖွဲ့နှင့် တစ်သီးပုဂ္ဂလ သတင်းသမား ၇၇ ဦးတို့ဖြင့် ၂၀၂၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ဖွဲ့စည်းခဲ့သော IPCM က စစ်ကော်မရှင်လက်အောက်ခံ MPC သည် တရားမဝင်ကြောင်းနှင့် လွတ်လပ်သော မီဒီယာများကို ကိုယ်စားပြုမှုမရှိကြောင်း သဘောထား ထုတ်ပြန်ထားသည်။
ထို့ပြင် ဖမ်းဆီးခံ သတင်းသမားများအားလုံးကို ချွင်းချက်မရှိ လွှတ်ပေးရန်လည်း IPCM က တောင်းဆိုထားသည်။
ထို့အတူ လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA)ကလည်း စစ်တပ် အသုံးချခံ သတင်းမီဒီယာကောင်စီအသစ်ကို အသိအမှတ်မပြုကြောင်း နှင့် ကန့်ကွက် ရှုတ်ချကြောင်း ၂၀၂၄ နိုဝင်ဘာ ၂၂ ရက်က ထုတ်ပြန် ကြေညာထားသည်။
လွတ်လပ်သော မြန်မာသတင်းစာဆရာများ အစည်းအရုံး (IMJA) သည် မြန်မာနိုင်ငံတွင် သတင်း လွတ်လပ်ခွင့်ကို မြှင့်တင်ကာကွယ်ရန် ကတိကဝတ်ပြုထားသော သတင်းသမားများ၊ မီဒီယာ အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များပါဝင်သော အဖွဲ့အစည်းဖြစ်ပြီး ၂၀၂၃ ခုနှစ်၊ ဇွန် ၁ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။
စစ်ကော်မရှင်လက်အောက်ခံ MPC သည် နိုင်ငံတကာ မီဒီယာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်နေသော်လည်း စစ်ကော်မရှင်၏ လက်ဝေခံဖြစ်သောကြောင့် မီဒီယာလွတ်လပ်ခွင့်နှင့် ဖမ်းဆီးခံသတင်းသမားများကို အထောက်အကူပြုခြင်း မရှိပေ။
ဓာတ်ပုံ-MOI
ပုံစာ- ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၀ ရက်ကပြုလုပ်သည့် သတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် စတွေ့ရသည့် မီဒီယာကောင်စီဥက္ကဋ္ဌဒေါက်တာတင်ထွန်းဦးနှင့်အဖွဲ့ဝင်များ။