ဧရာဝတီတိုင်းမ်
ဩဂုတ် ၄ ရက်

ဆော်ဒီအာရေဗျနိုင်ငံတွင် ကျင်းပခဲ့သည့် PUBG ကမ္ဘာ့ဖလား (PMWC 2025) ပြိုင်ပွဲတွင် မြန်မာနိုင်ငံ ကိုယ်စားပြု Yangon Galacticos အသင်းက သြဂုတ် ၃ ရက်နေ့တွင် ပထမဆုံးအကြိမ် ဗိုလ်စွဲခဲ့ကြောင်း သိရသည်။

အဆိုပါပြိုင်ပွဲကို မြန်မာအပါအ၀င် တရုတ်၊ မလေးရှား၊ ဘရာဇီး၊ ဗီယက်နမ်၊ မွန်ဂိုလီးယားနှင့် ကာဇက်စတန် နိုင်ငံတို့မှ အသင်းပေါင်း ၂၄ သင်း ပါ၀င်ယှဥ်ပြိုင်ခဲ့ပြီး မြန်မာကိုယ်စားပြု Yangon Galacticos အသင်းက ပြိုင်ဘက်များကို အနိုင်ယူကျော်ဖြတ်၍ PMWC 2025 ကမ္ဘာ့ဖလားကို ကိုင်မြှောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

“မြန်မာနိုင်ငံ Yangon Galaticos အသင်းမှ ပထမဆုံး ကမ္ဘာ့ဖလားကို မြန်မာပြည်သူအားလုံး အတွက် ယူဆောင်လာခဲ့ပါပြီ။ ဒီချန်ပီယံဆုဟာ ကျွန်တော်တို့ YG PUBGM အသင်းအနေနဲ့ ပထမဆုံး World cup ဆုကို ရယူနိုင်ခဲ့တဲ့ မြန်မာ့သမိုင်းရဲ့ မြန်မာနိုင်ငံရဲ့ တစ်သင်းတည်းသောအသင်းအဖြစ် မှတ်တိုင်အသစ်ကို ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်”ဟု Yangon Galacticos အသင်းက လူမှုကွန်ရက်တွင် ထုတ်ပြန်သည်။

PMWC 2025 ကမ္ဘာ့ဖလားကို ဆွတ်ခူးနိုင်ခဲ့သည်ံ Yangon Galacticos အသင်းကို ပြိုင်ပွဲကျင်းပရေး တာ၀န်ရှိသူများက ဆုကြေးငွေ အမေရိကန်ဒေါ်လာ ၅၄၇,၀၀၀ ချီးမြှင့်ခဲ့ကြောင်း သိရသည်။