
ဧရာဝတီတိုင်းမ်
(ကော့သောင်း)၊ ဩဂုတ် ၃ ရက်
တနင်္သာရီတိုင်း၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့နယ်၊ အေးချမ်းသာရွာ အခြေခံပညာ အထက်တန်း ကျောင်းမှ စစ်ကောင်စီလက်အောက်ခံ NON-CDM ပညာရေးဝန်ထမ်းတစ်ဦးသည် ကျောင်းသား များထံမှ ကျူရှင်ကြေးဟုဆိုကာ ပြီးခဲ့သည့်ဇွန်လမှစ၍ ငွေကြေးများတောင်းယူနေကြောင်း ဒေသခံများနှင့် ကျောင်းသားမိဘများထံမှ သိရသည်။
ကျောင်းသားများထံမှ ကျူရှင်ကြေးနှင့် လစဉ်ကြေးဟုဆိုကာ ငွေတောင်းယူနေသူမှာ အေးချမ်းသာရွာ အခြေခံပညာအထက်တန်းကျောင်းမှ NON-CDM ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးအေး ဖြစ်ကြောင်း ဒေသခံများက ပြောသည်။
အဆိုပါကျောင်းတွင် ကျောင်းသူ၊ ကျောင်းသားဦးရေ ၅၇၀ ခန့်ရှိပြီး စစ်ကောင်စီခန့် NON-CDM ဆရာ သုံး ဦးနှင့် ဆရာမ ရှစ် ဦးရှိကာ ရွာခန့်ဆရာမ သုံးဦးအပါအဝင် စုစုပေါင်း ဆရာ/မ ၁၄ ဦးရှိကြောင်း သိရသည်။
ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးအေးသည် ကျောင်းသား၊ ကျောင်းသူများထံမှ တစ်ဦးလျှင် လစဉ်ကြေး ၅၀ ဘတ်နှင့် ကျူရှင်ကြေး ၁၂၀ ဘတ် စုစုပေါင်း ၁၇၀ ဘတ် (မြန်မာငွေ ၁၅,၀၀၀ ကျပ်ခန့်) ကောက်ခံလျက်ရှိကြောင်း သိရသည်။
“ကျောင်းအုပ်ဆရာမကြီးက ကျောင်းသားတွေဆီကနေပြီး တစ်ဦးမှာ တစ်လကို ဘတ် ၁၇၀ ကောက်တယ်။ လစဉ်ကြေးက ၅၀ ဘတ်နဲ့ ကျူရှင်ကြေးက ၁၂၀ ဘတ်ဆိုပြီး ကောက်တာ။ လစဉ်ကြေး ၅၀ ဘတ်က ရွာခန့်ဆရာမ ၃ ယောက်အတွက်ဆိုပြီး ကောက်တယ်။ လတိုင်းပေးဖို့ဆိုတာ တချို့တွေက အဆင်မပြေကြဘူးလေ။ မိဘတွေက ပြည်ပမှာ အလုပ်သွားလုပ်နေကြတယ်။ ကလေးတွေကို အဖိုးအဖွားတွေနဲ့ထားခဲ့ရတယ်။ တချို့မိဘတွေက ငွေကို လတိုင်းမပို့နိုင်ကြဘူးလေ။ နှစ်လပြည့်မှ ပေါင်းပေးရတဲ့သူတွေလည်းရှိတယ်” ဟု အေးချမ်းသာရွာမှ ကျောင်းသားမိဘတစ်ဦးက ဧရာဝတီတိုင်းမ် ကို ပြောသည်။
ယင်းအပြင် ကျောင်းသူ၊ ကျောင်းသားများထံမှ ကောက်ခံရရှိသည့် ပိုငွေများအား မည်သူ့ကိုမှ အပ်နှံခြင်းမရှိဘဲ ကျောင်း အုပ်ဆရာမကြီးက ကိုယ်ကျိုးအတွက် အသုံးပြုနေခြင်းဖြစ်ကြောင်း သိရသည်။
“ကျောင်းသားတွေဆီက တစ်ယောက်ကို ၁၇၀ ဘတ် ကောက်တယ်။ ကျောင်းသားဦးရေက ၅၇၀ ခန့် ရှိတယ်။ တစ်လကို ဘတ် ကိုးသောင်းကျော်ရတယ်။ ရွာခန့်ဆရာမတွေကို တစ်ဦးလျှင် တစ်လ ဘတ် သုံးထောင်ပေးတယ်။ ကျန်တဲ့ဆရာ၊ ဆရာမတွေ စစ်ကောင်စီကပေးတဲ့လစာပေါ့။ ကျောင်းသား တွေဆီက ကောက်လို့ရတဲ့ငွေမပေးဘူး။ တစ်လကို ဘတ် ရှစ် သောင်းကျော် ပိုတယ်။ ကျန်တဲ့ငွေတွေကို သူ့အိတ်ထဲထည့်တယ်။ စာရင်းစစ်မယ်ပြောတော့ လာမစစ်နဲ့။ မကြိုက်ဘူးလို့ပြောတယ်။ ကျောင်းအကျိုးတော်ဆောင်တွေကိုလည်း ငွေမကိုင်ခိုင်းဘူး။ သူပဲကိုင်တယ်” ဟု အေးချမ်းသာရွာမှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျောင်းချိန်ကို မနက် ၉ နာရီမှ ညနေ ၃ နာရီအထိ သတ်မှတ်ထားသော်လည်း ညနေ ၅ နာရီထိုးမှသာ ကျောင်းလွှတ်ပြီး၊ ကျောင်းအုပ်ဆရာမကြီးက ကျန် ၂ နာရီကို ကျူရှင်အချိန်ဟု သတ်မှတ်၍ ဆရာ၊ ဆရာမများအား စာသင်ခိုင်းသောကြောင့် ဆရာ၊ ဆရာမများကြားတွင် မပြေလည်မှုများလည်းရှိကြောင်း ဒေသခံများထံမှ သိရသည်။
“ကျောင်းချိန်က မနက် ၉ နာရီကနေ ညနေ ၃ နာရီမှပြီးတယ်။ ညနေ ၄ နာရီကနေပြီး ၅ နာရီအထိ ကျူရှင်အချိန်ဆိုပြီး ဆရာမကြီးက ၂ နာရီ သတ်မှတ်တယ်။ ဆရာ၊ ဆရာမတွေ ကို အဲဒီအချိန်မှာ စာဖိသင်ခိုင်းတာပေါ့။ အဲဒါနဲ့ ဆရာမကြီးကို ကျန်တဲ့ဆရာ၊ ဆရာမတွေက သိပ်အမြင်မကြည်တော့ဘူး။ အချိန်ပိုသင်ပေးလည်း ငွေက ပိုမပေးဘူးလေ။ ပုံမှန်လစာပဲရတယ်။ ကျောင်းသားတွေဆီက ကျူရှင် ကြေးဆိုပြီး ကောက်တာလည်း သူတစ်ယောက်တည်းပဲယူတယ်” ဟု အေးချမ်းသာရွာ ကျောင်းသူမိဘ တစ်ဦးက ဆက်လက်ပြောကြားသည်။
အဆိုပါ NON-CDM ကျောင်းအုပ်ဆရာမကြီး ဒေါ်မိုးမိုးအေးသည် ၂၀၂၃ ခုနှစ် ဇွန်လမှစ၍ အေးချမ်းသာရွာ အထက်တန်းကျောင်းတွင် လာရောက်တာဝန်ထမ်းဆောင်နေသူဖြစ်ကြောင်း ဒေသခံ များထံမှ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်
ပုံစာ – အေးချမ်းသာရွာ အခြေခံပညာအထက်တန်းကျောင်း။