
ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ရက်
အမ်း- ပဒါန်းလမ်းပိုင်းရှိ စစ်ကော်မရှင် ခြေကုပ်ယူထားသည့် နတ်ရေကန် ဗျူဟာအနီးတဝိုက်ကို စစ်ကော်မရှင်က စစ်ကြောင်း ထိုးရန်ပြင်ဆင်နေကြောင်း သိရသည်။
စစ်ကော်မရှင်တပ်များနှင့် တော်လှန်ရေးပူးပေါင်းတပ်တို့သည် ပြီးခဲ့သည့် ဇူလိုင် ၂၉ရက်နေ့က ထိတွေ့တိုက်ပွဲ ပြင်းပြင်း ထန်ထန်ဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”စစ်တပ်က အဖွဲ့လိုက် စစ်ကြောင်းထိုးနေတာမို့ထိတွေ့တိုက်ပွဲအချို့ရှိနေတယ်။ စခန်းသိမ်းတိုက်ပွဲလိုမျိုး ရက်ရှည် တိုက်ပွဲတော့ မဟုတ်ဘူး။ ဒီရက်ပိုင်း စစ်တပ်ဘက်က အင်အား ရာချီ အသုတ်လိုက်ပို့နေတယ်” ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
စစ်ကော်မရှင်က ဆုံကုန်းအမြောက်တပ် (မစခ-၉၀၅) မှနေ၍ စစ်အင်အားများကို အမ်း- ပဒါန်းလမ်းတလျှောက် ပို့ဆောင်နေပြီး စစ်ကြောင်းထိုးရန်ပြင်ဆင်နေကြောင်း သိရသည်။
စစ်ကော်မရှင်က ၎င်းတို့ကျင်းပမည့် ရွေးကောက်ပွဲမတိုင်ခင်ကာလအတွင်း အမ်း- ပဒါန်းလမ်းပိုင်းကို စိုးမိုးမှုအပြည့်ယူနိုင်ရန်အတွက် အင်အား ၆၀၀ မှ ၈၀၀ အထိသုံး၍ စစ်ကြောင်းထိုးကာ နယ်မြေစိုးမိုးမှု ယူနိုင်ရန် ပြင်ဆင်နေကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ရက်နေ့က မစခ ၉၀၅မှနေ၍ စစ်ယာဉ်တန်း သုံးစီး ကန်တုတ်ဂိတ်တွင်အင်အားလာဖြည့်ကာ ကန်တုတ်မှတဆင့် အင်အား ၁၀၀နီးပါး စစ်ရေးလှုပ်ရှားမှုရှိကြောင်း သိရသည်။ ကန်တုတ်ဂိတ်မှနေ၍ တောလမ်းအတိုင်း ရေငံ၊ စက်စက်ယို၊ ငါးဘတ်အိုင်၊ ရွှေချောင်း၊ ရှမ်းတပ်ဘက်သို့ တပ်ဖျောက်လှုပ်ရှားမှုများ ရှိခဲ့သည်။
ထို့ပြင် ပြီးခဲ့သည့် ဇူလိုင် ၃၁ရက် နေ့လယ်ပိုင်းကလည်း စစ်ယာဉ်တန်း လေးစီး အင်အားအပြည့်ဖြင့် မစခ ၉၀၅ ထဲမှထွက်လာကာ စေတုတ္တရာဘက်သို့ ထွက်ခွာသွားကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk (ပုံဟောင်း)