ဧရာဝတီတိုင်းမ်
ဩဂုတ် ၃ ရက်

ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုး‌ရေးပါတီ(USDP) ဥက္ကဋ္ဌ ဦးခင်ရီဦးဆောင်ပြီး ပါတီအဖွဲ့ဝင်များနှင့် အနုပညာရှင်တချို့ ရန်ကုန်တွင် တွေ့ဆုံခဲ့ကြကြောင်း သိရသည်။

စစ်အရာရှိဟောင်းများဖြင့် ဖွဲ့စည်းထားပြီး စစ်တပ်နောက်ခံ USDP ပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် စစ်တပ်၏ လှုပ်ရှားမှုများနှင့် စစ်ခေါင်းဆောင် ခရီးစဉ်များတွင် လိုက်ပါပို့ဆောင်နှုတ်ဆက်လေ့ရှိသည့် သရုပ်ဆောင် များအပါအဝင် အနုပညာရှင်တချို့ကို ဇူလိုင် ၃၁ ရက်က ရန်ကုန်မြို့၌ တွေ့ဆုံခဲ့ကြောင်း USDP ကထုတ်ပြန်သည်။

အဆိုပါတွေ့ဆုံပွဲကို “မိတ်ဆွေများနှင့်တွေ့ဆုံပွဲ” ဟုအမည်ပေးထားပြီး နေအောင်၊ ရန်အောင်၊ စိုးမြတ်သူဇာ၊ ငှက်ပျောကြော်၊ မိုးဒီ၊ တိမ်ညွန့်တို့ အပါအဝင် ဟာသသရုပ်ဆောင်များနှင့် ဒါရိုက်တာတချို့ တက်ရောက်ခဲ့ကြသည်။

ထို့အပြင် ၎င်းတို့ ကျောထောက်နောက်ခံ ထောက်ပံ့ပေးထားသည့် မီဒီယာနှင့် သတင်းသမားအများစု လည်း တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

အဆိုပါ တွေ့ဆုံပွဲတွင် ဦးခင်ရီက “စစ်တပ် (နိုင်ငံတော်)မှဆောင်ရွက်လျက်ရှိသည့်အခြေအနေများ၊ ကြံ့ခိုင်ရေးပါတီ ဖြစ်တည်လာမှုသမိုင်း၊ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးနှင့် မိမိကြိုက်နှစ် သက်ရာ အဖွဲ့အစည်းများအား မဲပေးရေးနှင့် ကဏ္ဍအသီးသီးအား တက်ရောက်လာသော မိတ်ဆွေများနှင့် အပြန်အလှန် ဆွေးနွေးခဲ့သည်”ဟု ဆိုထားသည်။

အာဏာသိမ်းယူထားသည့် စစ်ခေါင်းဆောင်က လာမည့်ဒီဇင်ဘာတွင် ရွေးကောက်ပွဲကျင်းပနိုင်ရန် ပြင် ဆင်နေပြီး စစ်တပ်နောက်ခံ ကြံ့ခိုင်ရေးပါတီက စစ်တပ်အာဏာ သိမ်းယူထားချိန် ပြုလုပ်သည့် ရွေးကောက်ပွဲတွင် အနိုင်ယူ၍ အစိုးရဖွဲ့နိုင်ရန် အင်တိုက်အားတိုက်ကြိုး ပမ်းနေသည်ကို တွေ့ရသည်။

ဓာတ်ပုံ-USDP