ဧရာ၀တီတိုင်းမ်
ဩဂုတ် ၃ ရက်

မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့၌ ကျင်းပမည့် မြန်မာနိုင်ငံဆိုင်ရာ သက်ဆိုင်သူများအားလုံးပါဝင်သည့် အစည်းအဝေး (STAKEHOLDERS ENGAGEMENT MEETING ON MYANMAR- SEM) သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) က ပြည်ပခရီးသွားလာရေး အခက်အခဲများကြောင့် တက်ရောက် နိုင်ခြင်းမရှိကြောင်း ယနေ့ ဩဂုတ် ၃ ရက်တွင် ထုတ်ပြန် ကြေညာသည်။

NLD က ထိုသို့တက်ရောက်နိုင်ခြင်းမရှိသော်လည်း ၎င်းတို့၏ သဘောထားများကို အာဆီယံဥက္ကဋ္ဌ၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တန်စရီအော့သ်မန်ဟာရှင်ထံသို့ ပေးပို့ခဲ့သည်။

NLD အနေဖြင့် နိုင်ငံရေးပြဿနာများကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရမည်ဟု ယုံကြည်ကြောင်း ဆိုထားပြီး မြန်မာ့ပြဿနာများ၏ အရင်းအမြစ်မှာ တည်ဆဲဖွဲ့စည်းပုံအခြေခံဥပဒေကို ချိုးဖောက်ပြီး စစ်တပ်က ရွေးကောက်ခံအရပ်သားပြည်သူ့အစိုးရထံမှ အာဏာသိမ်းလိုက်ခြင်းကြောင့် ပေါ်ပေါက် လာခြင်း ဖြစ်သည်ဟုလည်း NLD က ထောက်ပြထားသည်။

ထို့ကြောင့် ပြဿနာအရင်းခံအကြောင်းဖြစ်သည့် စစ်တပ်၏ လုပ်ဆောင်ချက်မှန်သမျှကို အသိအမှတ်ပြု ပူးပေါင်းဆောင်ရွက်ခြင်း မပြုရန် လိုအပ်ကြောင်းလည်း NLD ၏ ထုတ်ပြန်ချက်တွင် တောင်းဆိုထားသည်။

ထို့ပြင် စစ်ကောင်စီ၏ ရွေးကောက်ပွဲနှင့် ပတ်သက်၍လည်း အတုအယောင် ဟန်ပြရွေးကောက်ပွဲ ဖြစ်ကြောင်း NLD က ပြတ်သားစွာ ပြောဆိုထားသည်။

လူထုယုံကြည်ထောက်ခံသော ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မြန်မာ့နိုင်ငံရေးဖြစ်စဉ်များတွင် မပါဝင်နိုင်ရန် ဖယ်ထုတ်ထားခြင်း၊ ပြည်သူလူထုကို လွတ်လပ်စွာဆန္ဒမပြုနိုင်ရန် ဖိနှိပ်ချုပ်ချယ်သော ဥပဒေများ ပြဋ္ဌာန်းလာခြင်းတို့ကြောင့် ပြည်သူလူထု၏ ဆန္ဒအစစ်အမှန်ပေါ်ထွက်လာမည့် ရွေးကောက်ပွဲမဟုတ်ကြောင်း ထင်ရှားနေသည်ဟု NLD က ဆိုသည်။

ထို့ကြောင့် စစ်တပ်၏ နိုင်ငံရေးလှည့်စားမှုဖြစ်သည့် အတုအယောင်ဟန်ပြရွေးကောက်ပွဲကျင်းပရန် ကြံစည်နေမှုအား ကန့်ကွက်တားဆီးခြင်းဖြင့် ပိုမိုရှုပ်ထွေးဆိုးဝါးလာနိုင်သည့် နောက်ဆက်တွဲ ပြဿနာများကို ကြိုတင်ကာကွယ်နိုင်မည် ဟုလည်း အလေးအနက် တိုက်တွန်းထားသည်။

NLD က အကျဉ်းထောင်များအတွင်း သေဆုံးမှုများ ဆက်တိုက်ဖြစ်ပေါ်နေခြင်းအပေါ် စိုးရိမ်ကြောင်း ဖော်ပြထားပြီး အာဆီယံအနေဖြင့် မတရားဖမ်းဆီးခံထားရသည့် နိုင်ငံရေးအကျဉ်းသားများအား အကျဉ်းထောင်လက်စွဲဥပဒေပါ အခွင့်အရေးများနှင့် လုံလောက်သည့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိစေရန် ကာကွယ်ပေးနိုင်မည့် အစီအစဉ်များ ချမှတ်ဆောင်ရွက်ပေးရန် မေတ္တာရပ်ခံထားသည်။

မြန်မာ့နိုင်ငံရေးပြဿနာများ ပြေလည်စေရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ၊ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးမှု မပါဝင်ဘဲ ပြေလည် ရေးလမ်းစမရရှိနိုင်ဟု အခိုင်အမာယုံကြည်ပါသဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် သမ္မတကြီးဦးဝင်းမြင့်တို့ အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး အမြန်ဆုံးလွတ်မြောက်ရန် လိုအပ်ကြောင်း NLD က တောင်းဆိုသည်။

ထို့ပြင် စစ်တပ်၏ အရပ်သားပြည်သူလူထုအပေါ် ပစ်မှတ်ထား၍ လေကြောင်းမှ ဗုံးကြဲ သတ်ဖြတ်နေမှုများ ရပ်တန့်ရန်အတွက် လိုအပ်သောအစီအမံများ ချမှတ်ဆောင်ရွက် ပေးခြင်းသည် လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးပို့ခြင်းကဲ့သို့ ပိုမိုလုပ်ဆောင်သင့်သော အကြောင်း အရာဖြစ်သည်ဟုလည်း NLD ဗဟိုအလုပ်ကော်မတီက ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-လူမှုကွန်ရက်