ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ သြဂုတ် ၃ ရက်

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်မြို့၊ ကော့လှိုင်ရွာအနီးတွင် တော်လှန်ရေးပူးပေါင်း တပ်များနှင့် စစ်ကော်မရှင်တပ်တို့ တိုက်ပွဲဖြစ်ပွားရာ စစ်ကော်မရှင်တပ်သား နှစ်ဦး သေဆုံးပြီး သုံး ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်က စစ်ကော်မရှင်တပ်ဖွဲ့ဝင်များ ကင်းလှည့်လာစဉ် တော်လှန်ရေးပူးပေါင်းတပ်များ နေရာယူထားသည့် ကာကင်းနှင့် ထိပ်တိုက်တွေ့ဆုံပြီး ပစ်ခတ်မှုဖြစ်ပွား ခဲ့ခြင်းဖြစ်ကြောင်း ဒေါနစစ်ကြောင်းမှူး စောဒါးကိုထံမှ သိရသည်။

“စစ်ကောင်စီ လှည့်ကင်း နဲ့ ကျွန်တော်တို့တော်လှန်ရေးကာကင်း နဲ့ ထိက်တိုက်တွေ့ပြီး ပစ်ခတ်မှု ဖြစ်ကြတယ်။စစ်ကောင် စီဖက် က နှစ်ယောက်သေတယ်။ သေတဲ့ နှစ်ဦးထဲ မှာ ကံပေါက် အခြေစိုက် ခလရ – ၂၇၃ က တစ်ဦး နဲ့ အခြားတပ်ရင်းက တစ်ဦးပါ။ဒဏ်ရာ ရတဲ့သူက သုံးဦးရှိတယ်။ကျွန်တော် တို့ဘက်က ရဲဘော် တစ်ဦးကျတယ်။ ပစ်ခတ်မှုက တစ်နာရီလောက်ကြာတယ်”ဟု ပြည်သူ့ကာကွယ်ရေး တပ်မတော်(PDF) ဗျူဟာ(၃၃) စစ်ဆင်ရေးမှူး၊ ဒေါနစစ်ကြောင်းမှူးလည်းဖြစ်သူ စောဒါးကိုက ဧရာဝတီတိုင်းမ် ကိုပြောသည်။

အဆိုပါတိုက်ပွဲအတွင်း တော်လှန်ရေး ရဲဘော်တစ်ဦး ကျဆုံးခဲ့ရပြီး နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားနေစဉ် ကလိန်အောင်မြို့အခြေစိုက် ခမရ – ၄၁၀ တပ်ရင်း က ၁၂၀ မမ လက်နက်ကြီး နဲ့ အလုံးရေ ၃၀ ကျော်ခန့် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

“တိုက်ပွဲ ဖြစ်တဲ့ အချိန်ကနေပြီး တောက်လျှောက် လက်နက်ကြီးနဲ့ပစ်တာ ညနေ ၄ နာရီမှ နားတယ်။စစ်ကောင်စီ စိုးမိုးကုန်းကနေပြီးလည်းပစ်တယ်”ဟု ဒေါနစစ်ကြောင်းမှူး စောဒါးကိုက ဆက်လက်ပြောကြားသည်။

စစ်ကောင်စီတပ်က လက်နက်ကြီး နဲ့ အဆက်မပြတ်ပစ်ခတ်မှုကြောင့် ကော့လှိုင်ကျေးရွာရှိ ဒေသခံပြ ည်သူများမှာ ကလိန်အောင် မြို့သို့ စစ်ဘေးရှောင်နေရကြောင်း ဒေသခံများထံမှ သိရသည်။

ကလိန်အောင်မြို့ ဒေသခံတစ်ဦး၏ ပြောကြားချက်အရ ကော့လှိုင်ရွာမှ စစ်ဘေးရှောင် ၁၂၈ ဦးသည် ကလိန်အောင်မြို့ရှိ ဝတ်ပြုဘုန်းကြီးကျောင်းတွင် ခိုလှုံနေကြပြီး ရွာမှအလှူရှင်များက ထမင်းနှစ်နပ် ချက်ပြုတ်ကျွေးမွေးနေကြောင်း သိရသည်။

“ရွာသစ် ဘုန်းကြီးကျောင်းမှာ စစ်ဘေးရှောင်နေကြတာလည်းရှိတယ်။ အချို့တွေက နီးစပ်ရာနဲ့ ဆွေမျိုး တွေရှိတဲ့ နေရာ မှာ နေနေကြတယ်။ ခလရ – ၂၈၂ တပ်ရင်းက ရွာမှာ မနေခိုင်းဘူး။ ပြောင်းခိုင်းလို့ ရွာလုံးကျွတ်နီးပါးပြောင်းလာကြတယ်။အချို့က အိမ် မှာလုပ်စရာရှိတာပြန်လုပ်။ ညနေဘက် စစ်ဘေးရှောင်တဲ့နေရာကို ပြန်လာကြတယ်”ဟု ကလိန်အောင်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ် ကိုပြောသည်။

ကော့လှိုင်ကျေးရွာ သည် ခလရ – ၂၈၂ တပ်ရင်းအနီး ရေး – ထားဝယ် အမှတ် (၈) ပြည်ထောင်စု လမ်းမကြီး နံဘေးကလိန်အောင်မြို့ နှင့် ရာဖူး ရွာအကြားတွင် တည်ရှိသော ကျေးရွာငယ်တစ်ရွာ ဖြစ်သည်။
ဓာတ်ပုံ -ဒေါနစစ်ကြောင်း