
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်
မြန်မာနိုင်ငံအတွင်း နေထိုင်သူများ၏ ကိုယ်ရေးအချက်အလက်နှင့် ဇီဝဆိုင်ရာ အချက်အလက်များ ကောက်ယူနေသော e-ID စနစ်အတွက် အိန္ဒိယအစိုးရက ကူညီနေပြီး စစ်အစိုးရနှင့် နားလည်မှုစာချွန်လွှာ ရေးထိုးထားကြောင်း သိရသည်။
အာဏာသိမ်းပြီးနောက် နိုင်ငံရေးအတွက် ခုတုံးလုပ် အသုံးချရန် စစ်ခေါင်းဆောင်က e-Government စနစ်ကို ပုံဖော်လုပ်ဆောင်နေပြီး ထိုအတွက် e-ID စနစ်သည် အခြေခံအကျဆုံးဖြစ်၍ အိန္ဒိယအစိုးရထံက အကူအညီများ ရယူနေကြောင်း သိရသည်။
ယင်းအပြင် အိန္ဒိယအစိုးရပိုင် Bharat Electronics Limited (BEL) ထံမှလည်း အစောပိုင်းကတည်းက နည်းပညာ ပူးပေါင်းဆောင်ရွက်မှု အများအပြားရရှိထားပြီး မြန်မာစစ်တပ်နှင့် ဆက်ဆံရေးကောင်းကြောင်း လေ့လာစောင့်ကြည့်သူတစ်ဦးက သုံးသပ်သည်။
“အခု e-Id နည်းပညာမှာတော့ အိန္ဒိယက လေးစားစရာ ကောင်းတယ်။ ဝန်ကြီးချုပ်မိုဒီ အစောပိုင်းမှာ လူသန်းရာချီကို လပိုင်းအတွင်း မှတ်ပုံတင် ရိုက်ထုတ်ပေးခဲ့တာ လုပ်နိုင်တယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို e-ID စနစ်အတွက် လိုအပ်သည့် IT နည်းပညာများကို အိန္ဒိယအစိုးရက ပံ့ပိုးကူညီ၍ Digital Identity အတွက်လည်း ယခုရက်ပိုင်း နေပြည်တော်၌ ရှေ့ပြေးစီမံကိန်း ပူးပေါင်းဆောင်ရွက်ခြင်းဆိုင်ရာ နားလည်မှုစာချွန်လွှာကို နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်။
နေပြည်တော်တွင် ပြုလုပ်ခဲ့သော နှစ်နိုင်ငံအကြား လက်မှတ်ရေးထိုးပွဲ အခမ်းအနားကို စစ်အစိုးရအဖွဲ့ဝင်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီး ဦးမြင့်ကြိုင်နှင့် မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ်တို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
အဆိုပါ နားလည်မှုစာချွန်လွှာသည် မြန်မာနိုင်ငံ၏ Digital ID ရှေ့ပြေးစီမံကိန်း အကောင်အထည်ဖော်ရာ၌ အိန္ဒိယအစိုးရထံမှ နည်းပညာဆိုင်ရာ အကူအညီများ မျှဝေဆောင်ရွက်နိုင်ရေးဖြစ်ပြီး ဆက်လက်ကူညီပေးရန် စစ်အစိုးရအဖွဲ့ဝင် ဝန်ကြီးဦးမြင့်ကြိုင်က ဆိုသည်။
ထို့အပြင် e-ID စနစ်အတွက် Digital Unique Identity Program အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အိန္ဒိယ၏ နည်းပညာ၊ မူဝါဒ၊ စည်းမျဉ်းစည်းကမ်းနှင့် အတွေ့အကြုံများ ဖလှယ်ရေးတို့အတွက် ယခုကဲ့သို့ လက်မှတ်ရေးထိုးခြင်းဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
အိန္ဒိယအစိုးရသည် အာဏာသိမ်းအစိုးရကို ထောက်ခံကူညီသော နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အာဏာသိမ်းပြီးနောက် ပထမဦးဆုံး ပြုလုပ်သည့် တပ်မတော်နေ့ စစ်ရေးပြကိုလည်း ဝန်ကြီးအဆင့် စေလွှတ်ကာ ယင်းနောက် ပူးပေါင်းမှုများ တိုးမြှင့်ခဲ့သည်။
ယင်းအပြင် ရေငုတ်သင်္ဘော ရောင်းပေးခြင်း၊ K-8 အမောင်းသင် ဂျက်လေယာဉ်များ လက်ဆောင်ပေးခြင်းအပြင် Justice for Myanmar ၏ သတင်းများအရ စစ်ဖက်နည်းပညာများပါ အိန္ဒိယက ထောက်ပံ့ပေးနေကြောင်း သိရသည်။
မြန်မာနိုင်ငံတွင် အာဏာသိမ်း လေးနှစ်ကျော်အတွင်း တရုတ်၊ ရုရှား၊ အိန္ဒိယနိုင်ငံတို့နှင့် ပူးပေါင်းမှုများ မြှင့်တင်နိုင်ခဲ့ကြောင်း စစ်အစိုးရအဖွဲ့ဝင် နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ယမန်နေ့က ပြုလုပ်သော ကာလုံအစည်းအဝေးတွင် ပြောဆိုထားသည်။
ဓာတ်ပုံ – MOI