ဧရာဝတီတိုင်းမ်
(တမူး)၊ ဩဂုတ် ၂ ရက်

စစ်ကိုင်းတိုင်း၊ တမူးမြို့ရှိ စီးပွားရေးဘဏ်တွင် ငွေသားများပြတ်လပ်နေသည့်အတွက် စစ်ကော်မရှင် စစ်သား နှင့် ရဲများအပါအဝင် Non CDM ဝန်ထမ်းများသည် ဇွန် နှင့် ဇူလိုင်လအတွက် လစာ များမရရှိသေးကြောင်း ပညာရေးဝန်ထမ်းများထံမှ သိရသည်။

စစ်ကော်မရှင်တပ်သည် ပြီးခဲ့သည့် မေလမှစတင်၍ တမူးမြို့ရှိ စီးပွားရေးဘဏ်သို့ ငွေသားများ ထပ်မံဖြည့်တင်းပေးနိုင်ခြင်းမရှိသည့်အတွက် ဘဏ်တွင် ငွေသားပြတ်လပ်နေပြီး Non CDM ဝန်ထမ်းများကို လစာ မပေးနိုင်ခြင်းဖြစ်ကြောင်း သိရသည်။

“မေလအတွက်တော့ လစာရလိုက်ပါတယ်။ ဒီကြားထဲမှာ လေယာဉ် လုံးဝမလာတာ မဟုတ်ဘူး။ နှစ်ခေါက်လောက် လာသွားသေးတယ်။ သူတို့စစ်ပစ္စည်းတွေပဲ လာပို့တယ်။ ငွေတွေကျတော့ မပို့ဘူး။ လစာမရတာ နှစ်လရှိနေပြီ” ဟု Non CDM ပညာရေးဝန်ထမ်းတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဝန်ထမ်းအင်အားနည်းသော မြို့နယ်ထွေအုပ်ရုံးနှင့် ဌာနဆိုင်ရာမှ အရာရှိကြီးပိုင်းများသာ ပုံမှန် လစာထုတ်ယူခွင့်ရရှိကြောင်း ၎င်းက ဆက်ပြောသည်။

Non CDM ဝန်ထမ်းများသည် လစာရရှိခြင်းမသော်လည်း ပုံမှန်အတိုင်း ရုံးတက်ရုံးဆင်း လုပ်ဆောင်နေရပြီး အိမ်ငှားရမ်းခ၊ မိသားစုစားဝတ်နေရေး၊ ကျန်းမာရေးစသည့် ကိစ္စရပ်များအတွက် ငွေကြေးအခက်အခဲများစွာနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

“ပညာရေးဝန်ထမ်းတွေ၊ ကျန်းမာရေးဝန်ထမ်းတွေက ပုံမှန်အလုပ်ထဲမှာရှိနေရတယ်။ တချို့ဝန်ထမ်း တွေက နယ်ကနေ မြို့မှာ တာဝန်ကျတယ်။ သူတို့က အိမ်ငှားရမ်းရတယ်။ တစ်လကို အနည်းဆုံး ၇ သောင်းလောက်ရှိတယ်။ ပိုခက်ခဲတာပေါ့။ လက်ရှိကုန်စည်နှုန်းကလည်း တခြားမြို့ထက် နှစ်ဆတက် နေတယ်” ဟု Non CDM ကျန်းမာရေးဝန်ထမ်းတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

တော်လှန်ရေးတပ်ဖွဲ့များသည် တမူးမြို့သိမ်းတိုက်ပွဲ ဆင်နွှဲရန်အတွက် ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလကတည်းက စစ်ကော်မရှင်တပ်ထံသို့ ရိက္ခာမရောက်ရှိရေး မြေပြင်ဆက်သွယ်ရေး လမ်းကြောင်းများကို ပိတ်ဆို့ထားပြီး ကုန်ဈေးနှုန်းများလည်း မြင့်တက်နေသည်။

လက်ရှိ တမူးမြို့အနီး စစ်ကော်မရှင်တပ်နှင့် ပူးပေါင်းတပ်များ တပ်စွဲထားသည့်နေရာများတွင် တော်လှန်ရေး တပ်ဖွဲ့ဝင်များနှင့် မကြာခဏ ထိတွေ့တိုက်ပွဲများ ဖြစ်ပွားလျက်ရှိသည်။

ဓာတ်ပုံ-လူမှုကွန်ရက်
ပုံစာ-တမူးမြို့တွင်းတစ်နေရာကို တွေ့ရစဥ်။