
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ သြဂုတ် ၂ ရက်
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာသို့ စစ်ကြောင်းထိုးလာသော အင်အား ၃၀၀ ပါ စစ်ကော်မရှင်တပ်ကို တော်လှန်ရေးပူးပေါင်းတပ်များက ကြားဖြတ်တိုက်ခိုက်ခဲ့ရာ CDM ရဲဘော်တစ်ဦး ကျဆုံးခဲ့ရကြောင်း ဒေါနစစ် ကြောင်း ချေမှုန်းရေးတပ်ခွဲ-၆၊ ရေဖြူ-ဝေဟင်ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။
ကျဆုံးသွားသူမှာ CDM ရဲဘော် ‘ဆပ်ပြာ’ အသက် ၂၁ နှစ် ဖြစ်ပြီး လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းရွာရှိ ရှေ့တန်းစစ်မြေပြင်တွင် စစ်ကော်မရှင်တပ်ဖွဲ့၏ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို စနိုက်ဘာကျည် ထိမှန်ကာ ဇူလိုင် ၂၉ ရက်နေ့က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်သည်။
ရဲဘော် ‘ဆပ်ပြာ’ သည် ကံပေါက်အခြေစိုက် ခလရ-၂၇၃ တပ်ရင်းမှဖြစ်ပြီး ၂၀၂၄ ခုနှစ်၊ နိုဝင်ဘာလ ၁၂ ရက်နေ့တွင် ကံပေါက်တိုက်နယ်၊ ခလရ-၂၇၃ လက်အောက်ခံစခန်းကုန်း၊ ရေကန်တောင် မိုင်ခရိုဝေ့ဗ်မှနေ၍ ရေဖြူ-ဝေဟင်တပ်ဖွဲ့ထံသို့ CDM ပြုလုပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“အခုကျဆုံးသွားတဲ့ ရဲဘော် ‘ဆပ်ပြာ’ က ခလရ-၂၇၃ တပ်ရင်းကနေ CDM ပြုလုပ်ပြီး ကျွန်တော်တို့အဖွဲ့ဆီကို ခိုလှုံလာတဲ့သူပါ။ အဖွဲ့ထဲမှာ တာဝန်ထမ်းဆောင်နေတာ ၉ လနီးပါးရှိသွားပါပြီ။ ပြည်သူကျည်မှန်မှာစိုးလို့ လက်ယမ်းထခေါ်တဲ့အချိန်မှာ မထင်မှတ်ဘဲ စစ်တပ်က ပစ်လိုက်တဲ့ စနိုက်ဘာကျည်ထိတာပါ။ ဦးထုပ်ကိုဖောက်ဝင်ပြီး ခေါင်းကိုထိမှန် ကျဆုံးသွားတာပါ” ဟု ဒေါနစစ်ကြောင်း တပ်ခွဲ-၆၊ ရေဖြူ-ဝေဟင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ကျဆုံးသူ ရဲဘော် ‘ဆပ်ပြာ’ ၏ ဈာပနအခမ်းအနားကို ဇူလိုင် ၃၁ ရက်နေ့ နေ့လယ်တွင် တော်လှန်ရေးရဲဘော်များက ကောင်းမွန်စွာ သင်္ဂြိုဟ်ပေးခဲ့ကြောင်း အဆိုပါတပ်ရင်းထံမှ သိရသည်။
ပြီးခဲ့သည့် အောက်တိုဘာလ ၁၂ ရက်နေ့က ရဲဘော် ‘ဆပ်ပြာ’ အပါအဝင် ရဲဘော်သုံးဦးသည် ခလရ-၂၇၃ တပ်ရင်းမှ လက်နက်မဲ့ ထွက်ပြေးလာကြပြီး ရေဖြူ-ဝေဟင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံသို့ ခိုလှုံခဲ့ခြင်းဖြစ်သည်။ ကျန်ရဲဘော်နှစ်ဦးမှာလည်း လက်ရှိအချိန်အထိ အဆိုပါတပ်ဖွဲ့တွင် စစ်ကော်မရှင်ကို တိုက်ခိုက်လျက်ရှိကြောင်း သိရသည်။
လောင်းလုံးမြို့နယ်တိုက်ပွဲအတွင်း တော်လှန်ရေးပူးပေါင်းတပ်များ၏ တိုက်ခိုက်မှုကြောင့် စစ်ကော်မရှင် တပ်သား ၃၀ ဦး သေဆုံးခဲ့ကြောင်း ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားသည်။
ပုံစာ-လောင်းလုံး တိုက်ပွဲအတွင်း ကျဆုံးသွားသော CDM ရဲဘော် ဆပ်ပြာ၏ စျာပန။