နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ တာဝန်နှင့် တပ်ချုပ်ရာထူး ရယူ၍ လူယုံတော်များကို နေရာပေး၊ ပြောင်းရွှေ့မှုသည် နိုင်ငံရေး မတည်ငြိမ်မှုများသာ ပိုများလာနိုင်ကြောင်း နိုင်ငံရေး၊ စစ်ရေး လေ့လာစောင့်ကြည့်သူများက သုံးသပ်ထောက်ပြသည်။

မဲစာရင်း အကြောင်းပြချက်ဖြင့် အတင်းအဓမ္မ အာဏာသိမ်းခဲ့သော စစ်ခေါင်းဆောင်သည် ဇူလိုင် ၃၁ ရက်တွင် အရေးပေါ်အခြေအနေကို ရုပ်သိမ်းပြီးနောက် ယာယီသမ္မတရာထူးအား ဆက်လက်ရယူ၍ စစ်အစိုးရနှင့် စစ်ကော်မရှင်ကို ဖွဲ့စည်းကာ လူယုံတော်များအား နေရာပေး ပြောင်းရွှေ့ခဲ့သည်။

ယင်းဖွဲ့စည်းမှုများသည် စစ်အာဏာရှင်အဆက်ဆက် လုပ်လာခဲ့သည့် ပုံသေနည်းဟောင်းဖြစ်ပြီး ညာဖက်မှ ဘယ်ဖက်လက်သို့ အာဏာလွှဲပြောင်း ကမ်းပေးခြင်းဖြစ်ကာ ၁၉၇၄ ခုနှစ်၊ ဗိုလ်ချုပ်ကြီး နေဝင်းခေတ်ကလည်း ထိုကဲ့သို့ လုပ်ဆောင်ခဲ့ကြောင်း မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

“အဲဒါတွေကို စစ်ခေါင်းဆောင်တွေက သိသိကြီးနဲ့ လူလည်လုပ်နေတာပေါ့။ ဒါပေမယ့် အခုချိန်မှာတော့ သိပ်ပြီးလွယ်လွယ်ကူကူ ချောချောမွေ့မွေ့ ဖြစ်ဖို့မလွယ်ဘူး။ တုံ့ပြန်ဆန့်ကျင်မှုတွေ၊ ဘာညာတွေတော့ ပေါ်လာလိမ့်မယ်။ နိုင်ငံရေးအရ မတည်ငြိမ်မှုတွေ ပိုများလာလိမ့်မယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ခေါင်းဆောင် ပြန်လည်ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ဝန်ကြီးဌာန ၃၀ ခု ပါဝင်ပြီး ၎င်း၏လူယုံတော်များအနက် ဗိုလ်ချုပ်ကြီး ညိုစောကို စစ်ဘက်မှ အရပ်ဘက်သို့ ပြောင်းရွှေ့ကာ ဝန်ကြီးချုပ်နှင့် အမျိုးသားစီမံကိန်းဝန်ကြီးအဖြစ်လည်းကောင်း၊ စစ်ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ်လည်းကောင်း တာဝန်ပေးထားသည်။

ဗိုလ်ချုပ်ကြီးညိုစောသည် စစ်တက္ကသိုလ် အပတ်စဉ် (၂၃) ကျောင်းဆင်းဖြစ်ပြီး ယခင်စစ်ကောင်စီအဖွဲ့ဝင်နှင့် အကြံပေးအပြင် မြန်မာ့စီးပွားရေး ကော်ပိုရေးရှင်း (MEC)၊ စစ်တပ်ပိုင် အင်းဝဘဏ် ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့ကာ ရုရှားနိုင်ငံထံမှ ဆီဝယ်ယူရေးအား ဦးဆောင်ခဲ့သူဖြစ်ကြောင်း သိရသည်။

“စစ်တပ်ရဲ့ စစ်ရေးကတော့ အပြောင်းအလဲ သိသိသာသာကြီးတော့ ပြောင်းလဲနိုင်ဖွယ် မရှိသေးဘူးပေါ့။ သူတို့တွေအနေနဲ့ကတော့ ဖြစ်နိုင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာရှိတဲ့ မြို့နယ်တွေအကုန်လုံး သူတို့ရဲ့အုပ်ချုပ်မှုအောက် ရောက်စေချင်တာ” ဟု CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ယခင်ကတည်းက စစ်ခေါင်းဆောင်နှင့် နီးစပ်၍ တာဝန်အတူ ထမ်းဆောင်ဖူးသော စစ်ကောင်စီ အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကို စစ်ဘက်ရာထူးမှ အနားပေးကာ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီရုံး (ကာ/လုံ)၏ အမှုဆောင်ချုပ်အဖြစ် ပြောင်းလဲခန့်အပ်ခဲ့သည်။

စစ်တက္ကသိုလ် အပတ်စဉ် (၂၅) ကျောင်းဆင်းဖြစ်ကာ ပြန်လည်ဖွဲ့စည်းထားသည့် စစ်ကော်မရှင်၌လည်း အဖွဲ့ဝင်အဖြစ် ပါဝင်လာကြောင်း သိရသည်။

“အဓိကအားဖြင့် လူယုံတော်တွေကို ဇိမ်ခံနိုင်‌အောင်၊ အခွင့်အရေး ယူနိုင်အောင် ဝန်ကြီးဌာနတွေ တိုးပေးထားတာပေါ့။ သူ့ကို မဆန့်ကျင်အောင်လို့ ချွေးသိပ်ထားတယ်လို့ပဲ မြင်ပါတယ်” ဟု မြန်မာ့အရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က သုံးသပ်ထောက်ပြသည်။

ထို့အတူ ဗိုလ်သင်တန်း (OTS) အပတ်စဉ် (၇၇) ကျောင်းဆင်းဖြစ်သော စစ်ခေါင်းဆောင်၏ လူယုံတော် ယခင်စစ်ကောင်စီ တွဲဘက်အတွင်းရေးမှူး ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကိုလည်း ကာ/လုံရုံး တွဲဖက်အမှုဆောင်ချုပ်နှင့် စစ်ကော်မရှင် အတွင်းရေးမှူးအဖြစ် ရာထူးတိုး နေရာပေးထားသည်။

၎င်းသည် လက်ရှိ စစ်အစိုးရသစ်၏ ကာကွယ်ရေးဝန်ကြီးနှင့် စစ်ကော်မရှင်အဖွဲ့ဝင် ဗိုလ်ချုပ်ကြီး မောင်မောင်အေးနှင့် ခမည်းခမက် တော်စပ်ကာ ယခင်က စစ်ဖက်ရေးရာ လုံခြုံရေးအရာရှိချုပ်အဖြစ် တာဝန်ယူ၍ နိုင်ငံတကာ သံတမန်များနှင့် စစ်ခေါင်းဆောင် တွေ့ဆုံတိုင်း အမြဲပါလေ့ရှိကြောင်း သိရသည်။

ယင်းအပြင် တပ်ဖွဲ့စည်းပုံအရ အဆင့်သုံးနေရာဖြစ်သော ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကိုလည်း စစ်ခေါင်းဆောင်နှင့် ဒုစစ်ခေါင်းဆောင်တို့ ဥက္ကဌ၊ ဒုဥက္ကဌရာထူးများ ရယူထားသော စစ်ကော်မရှင်တွင် အဖွဲ့ဝင်အဖြစ် ထပ်တိုးတာဝန်ပေးခခဲ့သည်။

စစ်ရေးအတွေ့အကြုံမရှိသော ဗိုလ်ချုပ်ကြီး ကျော်စွာလင်းသည် စစ်တက္ကသိုလ် အပတ်စဉ် (၃၅) ကျောင်းဆင်းဖြစ်ပြီး စစ်ဦးစီး အရာရှိချုပ်(ကြည်း)နှင့် စစ်ထောက်ချုပ်အဖြစ် တာဝန်ထမ်းဆောင်ဖူးသလို ၎င်းသည် တပ်ချုပ်နေရာ ဆက်ဆံမည့်သူဟု လတ်တလော၌ ရေပန်းစား ထင်ကြေးပေးခံနေကြသည်။

ဓာတ်ပုံ-MOI