
စစ်တပ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲလူမှုရေးထိခိုက်မှုများတွင် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများထံ လူကုန်ကူးခံရမှုအများဆုံးဖြစ်လာ
ဧရာဝတီတိုင်းမ်
ဩဂုတ် ၂ ရက်
အလုပ်ရမည်ဟု လိမ်လည်ပြောဆိုကာ မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများထံ တရုတ်ဇနီး အဖြစ် ရောင်းစားခြင်းနှင့် အပြာကား (Sex Video) ရိုက်ကူးခြင်းတို့ကြောင့် မြန်မာနိုင်ငံသား ကိုး ဦးနှင့် တရုတ်နိုင်ငံသား ငါး ဦးကို စစ်ခုံရုံးဥက္ကဋ္ဌက ထောင်ဒဏ်တစ်သက်ကျခံရန် အမိန့်ချမှတ်လိုက်ကြောင်း စစ်ကော်မရှင်သတင်းစာတွင် ဖော်ပြထားသည်။
လိမ်လည်ခံရသည့် အမျိုးသမီးများမှာ ရန်ကုန်တိုင်းမှ သင်္ဃန်းကျွန်း၊ ရွှေပြည်သာ၊ လှိုင်သာယာမြို့နယ် များနှင့် မကွေး တိုင်း၊ အောင်လံမြို့နယ်တို့မှဖြစ်ကြောင်း သိရသည်။
လူငယ်စုံတွဲ သုံး ဦးကို အလုပ်ရမည်ဟု လိမ်လည်ခေါ်ဆောင်ခဲ့သူ မယုဝတီနှင့် ၎င်း၏ခင်ပွန်း ဇင်မင်းဦး၊ အပြာကား ရိုက်ကူးကာ ချီထိုက်အက်ပ်တွင် live လွှင့်ခဲ့သူ တရုတ်နိုင်ငံသား Lin Te နှင့် Wang Xiaofeng တို့ကို လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၈ (က)(ခ) အရ ဇူလိုင် ၂၉ ရက်နေ့တွင် ထောင်ဒဏ်တစ်သက်ကျခံရန် အမိန့်ချမှတ်ခဲ့သည်။ အဆိုပါအမှုတွဲတွင် ပါဝင်သော တရုတ်နိုင်ငံသား အားဂျယ်မှာမူ ထွက်ပြေးတိမ်းရှောင်လျက်ရှိကြောင်း သိရသည်။
ထို့ပြင် မိဘများကို ထောက်ပံ့နိုင်မည်ဟု စည်းရုံးကာ ရွှေပြည်သာမြို့နယ်မှ အမျိုးသမီးနှစ်ဦးကို ကျပ်သိန်း ၁၂၀ ဖြင့် တရုတ်အမျိုးသားများထံ လက်ထပ်ပေးခဲ့သူ သူဇာစိုးနှင့် ၎င်း၏ခင်ပွန်း တရုတ်နိုင်ငံ သား Yinbo၊ Cao Qiu Quan နှင့် Chen Huan တို့ကိုလည်း လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေပုဒ်မ ၃၅ အရ ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
အဆိုပါအမှုများတွင် လှိုင်သာယာမြို့နယ်မှ အမျိုးသမီးတစ်ဦးကို Tiktok အကောင့် Baby 31.0 ကို အသုံးပြု၍ ပြည့်တန် ဆာလုပ်ရန်နှင့် တရုတ်ဇနီးလုပ်ပါက ငွေကျပ် သိန်း ၇၀ နှင့် တစ်လလျှင် ၁၀ သိန်းရမည်ဟု လိမ်လည်စည်းရုံးခဲ့မှုများလည်း ပါဝင်သည်။
ထိုအမှုတွဲတွင် လှိုင်သာယာမြို့နယ်နေ အမျိုးသမီးတစ်ဦးကို တရုတ်နိုင်ငံရှိ စက်ရုံတွင် တစ်လ ယွမ် ၃၅၀၀ မှ ၄၀၀၀ ရမည်ဟု ပြောဆိုကာ တရုတ်ဇနီးအဖြစ် ရောင်းစားခဲ့သူ ဇော်မင်းလှ (ခ) ရဖစ်၊ ၎င်း၏ဇနီး ယွန်းကာရံချို အပါအဝင် လေး ဦးကို ပုဒ်မ ၃၅၊ ၃၈ (က) တို့ဖြင့် ထောင်ဒဏ်တစ်သက်ကျခံစေရန် အမိန့်ချမှတ်ခဲ့သည်။
မကွေးတိုင်း၊ အောင်လံမြို့မှ အမျိုးသမီးတစ်ဦးကို တရုတ်ဇနီးအဖြစ် လုပ်ကိုင်ပါက ကျပ်သိန်း ၈၀ ရမည်ဖြစ်ပြီး တစ်နှစ်စာချုပ်ဖြင့် ကလေးမွေးပေးပြီးမှ ပြန်လာနိုင်သည်ဟု လိမ်လည်ခေါ်ဆောင်ခဲ့သူ တစ်မြို့တည်းသား သူသူဝင်း (ခ) မသူနှင့် ၎င်း၏ခင်ပွန်း မြင့်အောင်တို့ကိုမူ ပုဒ်မ ၃၅ အရ အလုပ်နှင့် ထောင်ဒဏ်ဆယ်နှစ် ကျခံစေရန် အမိန့်ချမှတ်ခဲ့ကြောင်း စစ်ကော်မရှင်သတင်းစာတွင် ဖော်ပြထားသည်။
စစ်တပ်အာဏာသိမ်းမှုကြောင့် နောက်ဆက်တွဲလူမှုရေးထိခိုက်မှုများတွင် မြန်မာအမျိုးသမီးများကို တရုတ်နိုင်ငံသားများထံ လူကုန်ကူးခံရမှုအများအပြားဖြစ်ပေါ်လျက်ရှိသည်ကိူ တွေ့ရသည်။
ဓာတ်ပုံ-ဧရာ၀တီတိုင်းမ်၊ လူမှုကွန်ရက်
ပုံစာ-ရန်ကုန်မြို့ရှိ လှိုင်သာယာမီးခွက်စျေးကိုတွေ့ရစဉ်။