‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂ရက်

အာဏာသိမ်းစစ်ကော်မရှင်သည် ဧရာဝတီတိုင်း၊ ကျုံပျော်အခြေစိုက် တပ်ရင်းမှနေ၍ လေးမျက်နှာ မြို့နယ်ဘက်သို့ စစ်အင်အားဖြည့်တင်းမှုများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်

‎ယမန်‌နေ့ ဩဂုတ် ၁ရက်နေ့က ကျုံပျော် ခလရ ၃၆တပ်ရင်းအတွင်းမှနေ၍ အင်အားအပြည့် စစ်ယာဉ်တန်း ၉စီးဖြင့် ကျုံပျော်၊ ရေကြည်၊ ငါးသိုင်းချောင်း လမ်းအတိုင်း လေးမျက်နှာမြို့နယ်ဘက် ထွက်ခွာသွားကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

‎”စစ်တပ်က ဆုံးရှုံးနယ်မြေအချို့ရှိတဲ့ လေးမျက်နှာဘက်ကို ဖိဖိဆီးဆီး ဆောင်ရွက်လာတယ်။ အင်အားဖြည့်တယ်။ စစ်ကြောင်းထိုးတယ်။ လေကြောင်းကကင်းထောက်တာတွေလုပ်နေပါတယ်” ဟု လေးမျက်နှာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

လေးမျက်နှာမြို့နယ်ရှိ စက်စက်ယိုရွာအနီးတွင် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်းတပ်များ တိုက်ပွဲဖြစ်ပွားနေခြင်းဖြစ်ပြီး စစ်ကော်မရှင်ဘက်က အင်အားအများအပြားဖြင့် စက်စက်ယိုရွာဘက်သို့ စစ်ကြောင်းထိုးလာရာ တော်လှန် ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

‎ပြီးခဲ့သည့် ဇူလိုင် ၃၀ရက်နေ့ကလည်း စစ်ကော်မရှင်က စက်စက်ယိုရွာနှင့် အနီးဝန်းကျင်ရွာများကို လေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့သည်။

စစ်ကော်မရှင်အနေဖြင့် ဧရာဝတီမြောက်ခြမ်းကို လက်မလွှတ်ရရေးအတွက် အပြင်းအထန်အားထုတ် နေပြီး အင်အားဖြည့်တင်းမှုများ လုပ်ဆောင်နေခြင်းဖြစ်သည်။

ထို့ပြင် အာရက္ခတပ်တော် (AA) အပါအဝင် တော်လှန်ရေးတပ်ဖွဲ့များ ရှိနိုင်သည်ဟု ယူဆရသည့် ကျေးရွာများကို အဝင်အထွက် စစ်ဆေးတင်းကျပ်ထားပြီး ဒေသခံများ၏ စားသောက်ကုန်ဝယ်ယူ ခွင့်ကိုပင် စစ်ကော်မရှင်က တားမြစ်ထားသည်

ပုံစာ-စစ်ကော်မရှင်စစ်ယာဉ်တန်း(ပုံဟောင်း)