
ဧရာ၀တီတိုင်းမ်
ဩဂုတ် ၂ ရက်
မန္တလေးမှ ထွက်ခွာလာသော စစ်ကော်မရှင်၏ စစ်သင်္ဘော ၁၇ စင်းအနက် ၁၂ စင်းမှာ တော်လှန်ရေးပူးပေါင်းတပ်များ၏ ပြင်းထန်သော ကြားဖြတ်တိုက်ခိုက်မှုများကြားမှ ဗန်းမော်မြို့သို့ ရောက်ရှိသွားပြီဖြစ်ကြောင်း သိရသည်။
ဗန်းမော်မြို့ ကမ်းနားသို့ ရောက်ရှိလာသော အဆိုပါစစ်သင်္ဘောများသည် သြဂုတ်လ ၁ ရက်နေ့ ညပိုင်းက လက်နက်၊ ခဲယမ်းများ အတင်အချပြုလုပ်ခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
“စစ်သင်္ဘော ၁၂ စင်း ဗန်းမော်ကို ရောက်လာတယ်။ တော်လှန်ရေးပူးပေါင်းတပ်တွေနဲ့ တိုက်ပွဲပြင်းထန် နေတဲ့ကြားက ရောက်သွားတာပါ” ဟု ကချင်သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့က ရွှေကူမှ ထွက်လာသည့် စစ်ရေယာဉ်အုပ်စုကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ဆီးကြို တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောများပေါ်မှ လက်နက်ကြီးများ၊ စက်သေနတ်များဖြင့် ပြန်လည်ပစ်ခတ်ခဲ့သလို လေကြောင်းမှလည်း ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်ခဲ့၍ တိုက်ပွဲများ ပြင်းထန်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၃၁ ရက်နေ့က အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က စစ်ကော်မရှင်၏ စစ်သင်္ဘော လေး စင်းကို ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အတူ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ကလည်း စစ်သင်္ဘော ငါး စင်းကို ကြားဖြတ်တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့သည်ဟု ဒေသတွင်း သတင်းဌာန များသို့ ပြောကြားခဲ့သည်။
စစ်ကော်မရှင်သည် စစ်ရေးတင်းမာနေသည့် ဗန်းမော်မြို့တွင်းသို့ လူအင်အား၊ လက်နက်၊ ခဲယမ်း၊ ရိက္ခာများ ပို့ဆောင်ခဲ့ပြီး တပ်နယ်အတွင်းမှ စစ်တပ်မိသားစုဝင်အချို့ကို ပြန်လည်ခေါ်ဆောင်သွား ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
ဓာတ်ပုံ-NUG
ပုံစာ-မန္တလေးမှ ထွက်ခွာလာသည့် စစ်သင်္ဘောအုပ်စုကို ပူးပေါင်းတော်လှန်ရေး အဖွဲ့များက ဧရာဝတီပူးပေါင်းစစ်ကြောင်း အဖြစ် တိုက်ခိုက်နေသည့်မြင်ကွင်း။