ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်

၁၀ ရက်ကျော်ကြာ ရေကြီးနေခဲ့သော စစ်တောင်း၊ ရွှေကျင်နှင့် သံလွင်မြစ်ရေသည် လာမည့်တစ်ရက် အတွင်း ၂ လက်မမှ ၆ လက်မအထိ (၅ စင်တီမီတာမှ ၁၅ စင်တီမီတာခန့်) ရေကျဆင်းမည် ဖြစ်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိနေဦးမည် ဖြစ်ကြောင်း စစ်ကော်မရှင် လက်အောက်ရှိ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဩဂုတ် ၁ ရက်တွင် ထုတ်ပြန်သည်

လက်ရှိတွင် စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် ၆‌၁၅ စင်တီမီတာရောက်ရှိနေပြီး လာမည့် တစ်ရက်အတွင်း ၂ လက်မခန့်ကျဆင်းလာနိုင်ပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက်တည်ရှိနိုင်ကြောင်း သိရသည်။

စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင် ၁၂၁၈ စင်တီမီတာရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၃ လက်မခန့် ကျဆင်းလာနိုင်ပြီး စိုးရိမ်ရေမှတ်အထက်ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်းသိရသည်။

ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် ၇၃၂ စင်တီမီတာရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် (၆ လက်မ) ခန့်ကျဆင်းမည်ဖြစ်ကာ စိုးရိမ်ရေမှတ်ဆက်လက်တည်ရှိမည် ဖြစ်ကြောင်း သိရသည်။

“ရွှေကျင်မြစ်ရေကြီးပြီး ကားလမ်းတွေပေါ် ရေရောက်နေလို့ တစ်ရွာနဲ့တစ်ရွာကို ဆိုင်ကယ်နဲ့သွားရင် ငါးနာရီကြာတဲ့ခရီးကို ‌စက်လှေစီးလိုက်၊ လမ်းလျှောက်လိုက်နဲ့ နှစ်ရက်ကြာသွားရတယ် ။ အပင်တွေ မျောပါ၊ အိမ်တွေမျောပါနဲ့ စပါးခင်းတွေရေမြုပ်လို့ အခက်အခဲတွေဖြစ်နေတယ်။ မနှစ်က ထက်ရေ ပိုတက်တယ် ” ဟု ရွှေကျင်မြို့အနီးတွင် နေထိုင်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ထို့ပြင် သံလွင်မြစ်ရေမြင့်တက်နေသည့် ဘားအံ့မြို့တွင် မြစ်ကမ်းနား‌ပတ်ဝန်းကျင်နှင့် ကျေးရွာရှိ နေအိမ်များအတွင်း ရေဝင်ရောက်မှုရှိနေဆဲဖြစ်ကြောင်း ဘားအံ့ဒေသခံတစ်ဦးထံမှသိရသည်။

လက်ရှိတွင် သံလွင်မြစ်ရေသည် ဘားအံ့မြို့တွင် ၉၃၄ စင်တီမီတာရောက်ရှိနေ၍ လာမည့်တစ်ရက် ၂ လက်မခန့် ( ၅ စင်တီမီတာ)ကျဆင်းလာနိုင် စိုးရိမ်ရေမှတ်သည် ၇၅၀ စင်တီမီတာဖြစ်သဖြင့် စိုးရိမ်ရေ မှတ်တွင် ဆက်လက်တည်ရှိနေဆဲဖြစ်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – လူမှုကွန်ရက်