
ဧရာဝတီတိုင်းမ်
(ပုလော)၊ ဩဂုတ် ၁ ရက်
တနင်္သာရီတိုင်း၊ ကရင်အမျိုးသားအစည်းအရုံး၊ မြိတ်ထားဝယ်ခရိုင်၊ ပုလောမြို့နယ်(လယ်မူလားမြို့နယ်) အတွင်းရှိ ဇရပ်ဆိပ်ကျေးရွာနှင့် လက်ပံပြင်ကျေးရွာ တို့ကို ပြီးခဲ့သည့် ဇူလိုင် ၂၆ ရက်နေ့တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ ကြောင်း KNU ကထုတ်ပြန်ထားသည်။
စစ်ကောင်စီ၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့်ဇရပ်ဆိပ် ကျေးရွာမှ ဒေသခံ ၁၀ ဦးသေဆုံးခဲ့ပြီး ၆ ဦးဒဏ်ရာရရှိခဲ့ကာ လက်ပံပြင်ကျေးရွာမှ အမျိုးသားတစ်ဦး သေဆုံးခဲ့ပြီး သုံး ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ယမန်နေ့ဇူလိုင် ၃၁ ရက်နေ့ KNU ထုတ်ပြန်ချက်အရ သိရသည်။
လက်ပံပြင်ကျေးရွာ ဗုံးကြဲတိုက်ခိုက်မှုတွင် ခရစ်ယာန်ဘာသာရေး အဆောက်အအုံတစ်လုံး ပျက်စီးခဲ့ပြီး အဆိုပါဘာသာရေးခန်းမဆောင်မှာကရင်ပညာရေးနှင့်ယဉ်ကျေးမှုဌာန မှ ပညာသင်ကြားမှုအတွက် စာသင်ကျောင်းဆောင်အဖြစ်အသုံးပြုနေလျက်ရှိ နေကြောင်းလည်းသိရသည်။
စစ်ကောင်စီ၏ လေကြောင်းတိုက်ခိုက်မှုများကြောင့် ကလေးငယ်များနှင့် ဆရာ၊ဆရာမများမှာ စာသင်ကျောင်းများတွင် ပညာသင်ကြားရဲခြင်းမရှိသည့်အတွက် ဘာသာရေးအဆောက်အအုံများတွင် သင်ကြားနေခြင်းဖြစ်ကာ ဗုံးကြဲခံရချိန်တွင် ကျောင်းဆင်းချိန်ဖြစ်သည့်အတွက် ကလေးများထိခိုက်မှု မရှိခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
စစ်ကောင်စီသည် အဆိုပါ ဇူလိုင်၂၆ ရက်နေ့ တရက်တည်းတွင် ပုလောမြို့နယ်အတွင်းရှိ ကျေးရွာများသို့ လေကြောင်းမှ ဂျက်ဖိုက်တာဖြင့် သုံးကြိမ်တိုင် လာရောက်ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီ၏ အရပ်သားများကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြီးခဲ့သည့် ဇူလိုင်လအတွင်း အရပ်သား ၇၁ ဦးသေဆုံးခဲ့ရပြီး စစ်တပ်၏ အကြမ်းဖက်မှုဖြစ်စဉ်များကြောင့် သေဆုံးသူ ၁၀၄ ဦးအထိရှိခဲ့ကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း(AAPP) အစီရင်ခံစာအရ သိရသည်။
ဓာတ်ပုံ – KNU