‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၁ရက်

‎ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တွင် ကမ်းကပ်ထားသည့် စစ်‌ကော်မရှင်၏ စစ်ရေယာဉ်အုပ်စုသည် ဗန်းမော်ဘက်သို့ ဦးတည် တက်လာနေပြီး တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့များနှင့် တိုက်ပွဲအပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

‎ယနေ့ ဩဂုတ် ၁ရက်နေ့တွင် ရွှေကူမှထွက်ခွာလာသော စစ်ရေယာဉ်အုပ်စုကို တော်လှန်ရေး ပူးပေါင်းတပ်များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

‎”နှစ်ဖက်အပြန်အလှန်ပစ်ခတ်နေကြတယ်။ စစ်တပ်ကလေယာဉ်မျိုးစုံသုံးပြီးတော့ကို ဗုံးကြဲတယ်။ မြစ်ကျဉ်းရောက်ရင် စစ်သင်္ဘောတွေ ကျန်မှာတောင်မဟုတ်တော့ဘူး” ဟု တော်လှန်ရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

‎စစ်ကောင်စီဘက်ကလည်း စစ်သင်္ဘောများမှနေ၍ လက်နက်ကြီး၊ စက်သေနတ်များဖြင့် အပြန်အလှန် ပစ်ခတ်ခဲ့ပြီး လေယာဉ်မျိုးစုံသုံး၍ ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း တော်လှန်ရေးအဖွဲ့များနှင့် နီးစပ်သူထံမှ သိရသည်။

‎မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာသည့် စစ်သင်္ဘောများကို တော်လှန်ရေးတပ်ပေါင်း စုများက ဆီးကြိုတိုက်ခိုက်ရာ သင်္ဘောတစ်စင်း မီးလောင်ပြီး တစ်စင်း နစ်မြုပ်သွားကာ နောက်ထပ် နှစ်စင်းမှာလည်း မောင်းမရသည့် အခြေအနေရှိခဲ့ကြောင်း သိရသည်။

‎ကြက်တူရွေးနှုတ်သီးအောက် ဝဲမတွင် ကြားဖြတ်တိုက်ခံရသည့် စစ်သင်္ဘော ငါးစင်း အနက် သုံးစင်းမှာလည်း ရွှေကူအထိပြန်လှည့်လာရသည်။

‎အဆိုပါတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးပြီး သင်္ဘောများပေါ်မှ စစ်ကူနှင့် လက်နက်၊ ရိက္ခာအချို့ကို ကမ်းပေါ်သို့ပို့ခဲ့ပြီး ရွှေကူကို ပြန်လည် ဆုတ်ခွာသွားသည်။ ယနေ့ ဩဂုတ် ၁ ရက်တွင် သွားလာ၍ မရတော့သည့် သင်္ဘောများကိုပါ တွန်းသင်္ဘောများဖြင့် တွန်းပြီး ဗန်းမော် ဘက်သို့ဦးတည် တက်နေကြောင်း သိရသည်။

ပုံစာ-‎မန္တလေးမှ ဧရာဝတီမြစ်ကြောင်းအတိုင်းတက်လာသည့် စစ်သင်္ဘောများ။