
ဧရာဝတီတိုင်းမ်
ဩဂုတ် ၁ ရက်
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အမေရိကန်သမ္မတထရမ့်ထံ စည်းကြပ်ခွန်နှုန်းထားများ လျော့ချရန် တောင်းဆိုစာပို့ခဲ့သော်လည်း ယမန်နေ့ ဇူလိုင် ၃၁ ရက်နေ့က အတည်ပြုကြေညာခဲ့သည့် စည်းကြပ်ခွန်နှုန်းထားများအနက် မြန်မာနိုင်ငံသည် အာဆီယံတွင် အမြင့်ဆုံးနိုင်ငံဖြစ်လာကြောင်း သိရသည်။
အိမ်ဖြူတော်မှ ထပ်မံအတည်ပြု ကြေညာခဲ့သည့် အမေရိကန်သို့ တင်ပို့ကုန်များကို အခွန်စည်းကြပ်နှုန်းမှာ အာဆီယံတွင် မြန်မာနှင့် လာအို မှာ ၄၀ ရာခိုင်နှုန်းဖြင့် အများဆုံးဖြစ်ကာ ကျန်နိုင်ငံအသီးသီးမှာ အမေရိကန်နှင့်ညှိနှိုင်းခွင့်ရသည့်အတွက် အခွန်နှုန်းထားများ လျော့ကျခဲ့ကြကြောင်းလည်း သိရသည်။
စစ်ခေါင်းဆောင်မင်းအောင်လှိုင်က ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့တွင် အခွန်စည်းကြပ်နှုန်း ၄၀ ရာခိုင်နှုန်းကိုလျော့ချ ပေးရန်တောင်းဆိုခဲ့ပြီး လိုအပ်ပါက ဝါရှင်တန်သို့ ဆွေးနွေးရေးအဖွဲ့လွှတ်ရန် အဆင်သင့်ရှိနေကြောင်း သမ္မတထရမ့်သို့ပေးပို့စာတွင် ပြောဆိုခဲ့သည်။
ထို့ပြင် အမေရိကန်နိုင်ငံကို စစ်မှန်သည့်မျိုးချစ်စိတ်ဓာတ်နှင့် အမျိူသား သာယာဝပြောရေးဆီသို့ ဦးဆောင်နေသည့် သမ္မတထရမ့်၏ ခေါင်းဆောင်မှုကို အသိအမှတ်ပြုကြောင်းလည်း ချီးကျူးမြှောက်ပင့် ပြောဆိုခဲ့သည်။
သို့သော် အာဆီယံတွင် မြန်မာနှင့်လာအိုမှလွဲ၍ ကျန်သည့် နိုင်ငံအသီးသီးကို စည်းကြပ်ခွန်းနှုန်းလျော့ပေးခဲ့ပြီး ထိုင်းနှင့် ကမ္ဘောဒီးယားနိုင်ငံကို အပစ်ခတ်ရပ်စဲရေး သဘောတူခဲ့သည့်အတွက် ၃၆% နှင့် ၄၉% အသီးသီးမှ ၁၉% အထိလျော့ ပေးခဲ့ကြောင်းသိရသည်။
မလေးရှားနိုင်ငံကို အပစ်ခတ်ရပ်စဲရေးကြားဝင်ဖြေရှင်းပေးမှုကြောင့် ၂၅% မှ ၁၉%အထိလျော့ပေးခဲ့ပြီး ဗီယက်နမ်ကိုမူ ၄၆%မှ ၂၀% အထိလျော့ပေးခဲ့ကာ အင်ဒိုနီးရှားကိုလည်း ၃၂% မှ ၁၉% နှုန်းအထိ အသီးသီးလျော့ ပေးခဲ့ကြောင်းသိရသည်။
စင်ကာပူ နှင့် ဘရူနိုင်း နိုင်ငံများမှာ ယခင်နှုန်းအတိုင်းဖြစ်ပြီး ဖိလစ်ပိုင်နိုင်ငံကိုမူ အနိမ့်ဆုံးအခွန်နှုန်းဖြစ်သည့် ၁၀% မှ ၁၉% အထိတိုးမြှင့် ကောက်ခံခဲ့ကြောင်း သိရသည်။
အမေရိကန် အိမ်ဖြူတော်၏အခွန်နှုန်းထားအသစ် ထုတ်ပြန်ချက်မတိုင်မီတွင် မြန်မာနိုင်ငံတွင် စစ်ခေါင်းဆောင်မင်းအောင်လှိုင်က စစ်ကောင်စီကိုဖျက်သိမ်းကာ အစိုးရအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းခဲ့ပြီး ၎င်းက စစ်ကော်မရှင်ဥက္ကဌရာထူးနှင့် ယာယီသမ္မတရာထူးကို ဆက်လက်တာဝန်ယူထားသည်။
ဓာတ်ပုံ – အင်တာနက်