‎ဧရာဝတီတိုင်းမ်
‎ဇူလိုင် ၃၁ရက်

‎တိုက်ပွဲ အနည်းငယ် ငြိမ်သက်နေသည့် ကျောက်ဖြူတွင် စစ်ကောင်စီက အင်အားတိုးချဲ့မှုများ လုပ်ဆောင်လာကြောင်း သိရသည်။

‎စစ်ကောင်စီကလက်လွှတ်ထားရသည့် မလကျွန်းရွာ၊ ပြိုင်စေ့ကေရွာ အနီးတဝိုက်ကို စစ်အင်အား များတိုးချဲ့ပို့နေပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်နေကြောင်း ဒေသခံများထံမှ သိရသည်။

‎”စစ်တပ်က ကြတ္တိန်၊ မလကျွန်း၊ ပြင်ရှည်အဲ့ဒီဘက်တွေကို အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုး လာတယ်။ နည်းပညာအားသုံးပြီး ရှေ့ဆက်တက်နေတယ်။ ထိတွေ့တိုက်ပွဲမရှိသေးပေမယ့် စစ်ရေးကို နှစ်ဖက်လုံးကပြင်နေကြတယ်” ဟု ကျောက်ဖြူဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။

စစ်ကောင်စီသည် ‎ယမန်နေ့ ဇူလိုင် ၃၀ရက် နံနက် ၁၁နာရီခန့်က ကျောက်ဖြူမြို့နယ်၊ မင်းရပ် တိုက်နယ်၊သဒွတ္ထိန်ရွာ ဘုန်းကြီးကျောင်းကို ဗုံး နှစ် လုံးကြဲချတိုက်ခိုက်ခဲ့သည့်အပြင် စစ်သင်္ဘောများ မှနေ၍လည်း နှမ်းဖဲတောင်ပတ်ဝန်းကျင်နှင့် မလကျွန်းဘက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ ပြုလုပ်လျက်ရှိသည်။

‎ပြီးခဲ့သည့် ဇွန်လအတွင်းကလည်း စစ်ကောင်စီတပ်စွဲရာ မလကျွန်း၊ ပြိုင်စေ့ကေရွာများကို အာရက္ခ တပ်တော် (AA) က ထိန်းချုပ်ထားပြီး စစ်ကောင်စီက ရွှေ OGT ဓာတ်ငွေ့စက်ရုံနားအထိ တပ်ဆုတ်ပြီး ခံစစ်ပြင်ဆင်ရသည့် အခြေအနေရှိခဲ့သည်။

စစ်ကောင်စီနှင့် AA တို့သည် ‎ယခု ဇူလိုင်လလယ်တွင် နှစ်ဖက်စစ်ရေးပြင်းထန်ခဲ့ပြီး ဒရုန်းများ၊ လက်နက်ကြီးများဖြင့် အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ဒေသခံများထံမှ သိရသည်။