ဧရာ၀တီတိုင်းမ်
ဩဂုတ် ၁ ရက်

အမျိူသားညီညွတ်‌ရေးအစိုးရ (NUG) နှင့် တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ (EROs) အပါအဝင် ပူးပေါင်းတော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မြို့နယ် ၆၃ ခုတွင် လက်နက်ကိုင် အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းရေးအတွက် တိုက်ပွဲအရှိန်မြှင့်ဆောင်ရွက်မည် ဟုဆိုကာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ယာယီသမ္မတ အမည်ခံ၍ အရေးပေါ် အခြေအနေဖြင့် စစ်အုပ်ချုပ်ရေး ကြေညာလိုက်သည်။

အရေးပေါ် အခြေအနေဖြင့် စစ်အုပ်ချုပ်ရေး ကြေညာထားသည့် မြို့နယ်များမှာ အမျိုးသားညီညွတ်ရေး အစိုးရ(NUG)၊ ရက္ခိုင့်တပ်တော်(AA)၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော်(TNLA)၊ မြန်မာအမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော်(MNDAA)နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA)၊ ကရင်နီအမျိုးသားများကာကွယ်ရေးတပ်(KNDF) တို့ထိန်းချုပ်ထားသည့် ကချင်၊ ကရင်နီ၊ ကရင်၊ ချင်း၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ရခိုင်နှင့် ရှမ်းပြည် နယ်မြောက်ပိုင်းရှိ မြို့နယ် ၆၃ မြို့နယ်တို့ဖြစ်သည်။

အဆိုပါ မြို့နယ် ၆၃ ခုတွင် ယာယီသမ္မတ မင်းအောင်လှိုင်၏ အမိန့်ဖြင့် အရေးပေါ်အခြေအနေ စစ်အုပ်ချုပ်ရေးကြေညာခဲ့ပြီး၊ ယင်းမြို့နယ်များ၏ အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးအာဏာများကို စစ်တပ်ဦးစီးချုပ် မင်းအောင်လှိုင် အနေဖြင့် ၎င်းကိုယ်တိုင် (သို့မဟုတ်) သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ် တိုင်းမှူးများအား လွှဲအပ်၍ ရယူလိုက်သည်ဟု ဆိုသည်။

စစ်ခေါင်းဆောင်က NUG နှင့် EROs တို့ကိုရည်ညွှန်းကာ လက်နက်ကိုင်အကြမ်းဖက်သောင်းကျန်းမှုများ ချုပ်ငြိမ်းစေရန်၊ နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ကို ထိရောက်စွာ ဆောင်ရွက်နိုင်ရန်အတွက် အဆိုပါ မြို့နယ် ၆၃ မြို့နယ်တွင် အရေးပေါ်အခြေအနေ ကြေညာခြင်း ဖြစ်သည်ဟုဆိုသည်။

ယင်းအမိန့်သည် ဇူလိုင် ၃၁ ရက်မှစ၍ ရက်ပေါင်း ၉၀ အထိ အတည်ဖြစ် ကြောင်းလည်း မင်းအောင်လှိုင်၊ ဗိုလ်ချုပ်မှူးကြီး၊ ယာယီသမ္မတ(တာဝန်) ဟု ထုတ်ပြန်ထားသည်။

ကြေညာချက်တွင် ကချင်ပြည်နယ်အတွင်းရှိ ဆွမ်ပရာဘွမ်၊ ရွှေကူ၊ အင်ဂျန်းယန်၊ ဆော့လော်နှင့် ချီဖွေမြို့ နယ် ၅ ခုပါဝင်နေပြီး ၎င်းမြို့နယ်အားလုံးနီးပါးသည် KIA စိုးမိုးထိန်းချုပ်ထားသည့် မြို့နယ်များ ဖြစ်သည်။

ကရင်နီပြည်တွင်လည်း ရှားတော၊ ဖားဆောင်းနှင့် မယ်စဲ့မြို့နယ်များကို အရေးပေါ် အခြေအနေ ကြေညာထားပြီး အဆိုပါမြို့နယ်များသည့် KNDF အပါအဝင် ကရင်နီ တော်လှန်ရေးတပ်များက အလုံးစုံနှင့် အများစု သိမ်းပိုက်ထားသည့် မြို့နယ်များဖြစ်သည်။

ကရင်ပြည်နယ်တွင် KNU အပါအဝင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် ကော့ကရိတ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ချင်းပြည်နယ်တွင် CNF၊ CNDF အပါအဝင် ချင်းတော်လှန် ရေးတပ်များ သိမ်းပိုက်ထားသည့် မြို့နယ် ၇ ခုပါဝင်ပြီး ကန်ပက်လက်၊ ထန်တလန်၊ ပလက်ဝ၊ တွန်းဇံ၊ မင်းတပ်၊ မတူပီနှင့် ဖလမ်းမြို့နယ်တို့ဖြစ်သည်။

စစ်ကိုင်းတိုင်းတွင် တော်လှန်ရေးတပ်များ သိမ်းပိုက်ထားသည့် မြို့နယ် ၉ ခုနှင့် ထီးချိုင့်၊ ကောလင်း၊ ပင်လည်ဘူး၊ ခင်ဦး၊ ဝက်လက်၊ ကနီ၊ ဒီပဲယင်း၊ ပုလဲ၊ အင်းတော်မြို့နယ်တို့ဖြစ်ကာ မကွေးတိုင်းတွင် PDF များ သိမ်းပိုက်ထားသည့် မြို့နယ် ၅ ခုပါဝင်ပြီး ပေါက်၊ မြိုင်၊ ဆော၊ ထီးလင်းနှင့် ရေစကြိုမြို့နယ်တို့ဖြစ်သည်။

မန္တလေးတိုင်းတွင် PDF နှင့် TNLA တို့ သိမ်းပိုက်ထားသော မြို့နယ် ၃ ခုပါဝင်ပြီး မိုးကုတ်၊ စဉ့်ကူး၊ ငါန်းဇွန်မြို့နယ်တို့ဖြစ်သည်။

ရခိုင်ပြည်နယ်တွင် AA က သိမ်းပိုက်ထားသည့် မြို့ နယ် ၁၄ ခုပါဝင်ပြီး ရမ်းဗြဲ၊ ပေါက်တော၊ ပုဏ္ဏားကျွန်း၊ ရသေ့တောင်၊ ဂွ၊ မောင်တော၊ ဘူးသီးတောင်၊ ကျောက်တော်၊ မင်းပြား၊ မြေပုံ၊ မြောက်ဦး၊ သံတွဲ၊ အမ်းနှင့် တောင်ကုတ်မြို့နယ်တို့ဖြစ်သည်။

ထို့အပြင် ရှမ်းပြည်နယ်မှ မြို့နယ် ၁၅ ခုကို စစ်အုပ် ချုပ်ရေးကြေညာချက်တွင် တရုတ်ကြားဝင်မှုဖြင့် သဘောတူညီမှုဖြင့် အပစ်ရပ်ထားသည့် MNDAA တို့ထိန်းချုပ်ထားသည့် သိန္နီ၊ ကွမ်းလုံ၊ လောက်ကိုင်၊ ကုန်းကြမ်းမြို့နယ်များလည်း ပါဝင်သည်။

လက်ရှိတွင် တိုက်ပွဲဖြစ်ပွားနေသည့် ရှမ်းမြောက်ရှိ TNLA က သိမ်းပိုက်ထားသည့် နမ္မတူ၊ ကွတ်ခိုင်၊ နမ့်ခမ်း၊ နမ့်ဆန်၊ မန်တုံ၊ မိုးမိတ်၊ ကျောက်မဲ၊ သီပေါမြို့နယ်တို့လည်း ပါဝင်သည်။

ထို့ပြင် ယာယီသမ္မတ အဖြစ်ခံယူထားသော စစ်ခေါင်းဆောင်က အမျိုးသား ဒီမိုကရေစီ မဟာမိတ် တပ်မတော်-မိုင်းလား (NDAA) ထိန်းချုပ်ထားသည့် မိုင်းလားမြို့နယ်နှင့် ၀ပြည်သွေးညီညွတ်ရေး တပ်မတော် (UWSA) သိမ်းပိုက်ထားသည့် ဟိုပန်မြို့ နယ်တို့ကိုလည်း စစ်အုပ်ချုပ်ရေး ကြေညာခဲ့ခြင်းဖြစ်သည်။