ဧရာ၀တီတိုင်းမ်
ဇူလိုင် ၃၁ ရက်

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လာမည့်ဒီဇင်ဘာတွင် ရွေးကောက်ပွဲကျင်းပမည်ဟု ကတိပြုထားပြီး ရွေးကောက်ပွဲနှောက်ယှက်သူများကို ပုဒ်မ ခုနစ် ခုထုတ်ပြန်တားမြစ်ထားပြီး ရွေးကောက်ပွဲအတွက်လုံခြုံရေးဆိုင်ရာကြီးကြပ်မှုကော်မတီ အဆင့် ဆင့်ဖွဲ့စည်းရာတွင်လည်း ဆက်သွယ်ရေးတာဝန်ခံများပါဝင်ကြောင်းသိရသည်။

စစ်ခေါင်းဆောင်သည် ၎င်းဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲဖြစ်မြောက်ရေးအတွက် “ပါတီစုံဒီမိုကရေစီအထွေ ထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေ” ကို ဇူလိုင် ၃၀ ရက်နေ့တွင် လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့သည်။

အဆိုပါဥပဒေအရ ရွေးကောက်ပွဲပျက်ပြားစေရန် ဟောပြောခြင်း၊ မဲလုပ်ငန်းစဉ်များနှင့် ရွေးကောက်ပွဲကော်မရှင်ရုံး လုပ် ငန်းစဉ်များကို ဖောက်ဖျက်ကျူးလွန်ပါက အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ တစ်သက်တစ်ကျွန်းအထိ ချမှတ်ခံရမည့်အပြင် ငွေဒဏ်များပါ ပေးဆောင်ရမည်ဟု ပြဋ္ဌာန်းထားသည်။

ယင်းဥပဒေအတွက် လုံခြုံရေးဆိုင်ရာကြီးကြပ်မှုဗဟိုကော်မတီကို ဖွဲ့စည်းထားပြီး၊ ခရိုင်အဆင့်၊ မြို့နယ်အဆင့်အသီးသီးရှိ ကော်မတီများတွင် စစ်ကောင်စီ၏ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဥက္ကဋ္ဌတာဝန်ယူကာ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) မှ ခရိုင်တာဝန်ခံအရာရှိများကို အဖွဲ့ဝင်အဖြစ် ထည့်သွင်းထားသည် ဟု တွေ့ရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှကာကွယ်ပေးရေးဥပဒေ၏ ပုဒ်မ ၁၆ မှ ပုဒ်မ ၂၂ အထိတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၊ ရွေးကောက်ပွဲကော်မရှင်ရုံးနှင့်ပတ်သက်သူများ၊ မဲလုပ်ငန်းစဉ်များနှင့် လွှတ်တော်ကိုယ်စားလှယ်လောင်းများကို ခြိမ်းခြောက်မှု၊ နာကျင်စေမှု၊ ရွေးကောက်ပွဲပျက်ပြားစေရန် ဟောပြောခြင်း၊ စည်းရုံးခြင်း၊ ဆန္ဒပြခြင်းတို့ ပြုလုပ်ပါက နှစ်ရှည်ထောင်ဒဏ် (အနည်းဆုံး ၅ နှစ်မှ တစ်သက်တစ်ကျွန်းအထိ) ချမှတ်ခံရမည် ဟု ထုတ်ပြန်ထားသည်။

ထို့အပြင် ယာယီသမ္မတဖြစ်သူ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဆိုက်ဘာလုံခြုံရေးဥပဒေလည်း အသက် ဝင်လာပြီဖြစ်ရာ ရွေးကောက်ပွဲနှင့်ပတ်သက်သော ဒစ်ဂျစ်တယ်ဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူများထံမှ အသုံးပြုသူများ၏ သတင်းအချက်အလက်များကို တောင်းခံပါက ပေးအပ်ရမည်ဟု ပြဋ္ဌာန်းထားသည်။

စစ်ကောင်စီက ပြုလုပ်မည့်ရွေးကောက်ပွဲတွင် ပြည်သူ့လွှတ်တော်ကို FPTP (First Past The Post) နိုင်သူအကုန်ယူစနစ်၊ အမျိုးသားလွှတ်တော်နှင့် တိုင်းဒေသကြီး/ပြည်နယ်လွှတ်တော်အတွက် အချိုးကျစနစ် (PR) နှင့် FPTP စနစ်ရောနှောအသုံးပြုမည်ဟု စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ထုတ်ဖော်ပြောကြားထားသည်။

ဓာတ်ပုံ – MOI