
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ရက်
ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်၊ စက်စက်ယိုရွာအနီးတွင် တော်လှန်ရေးပူးပေါင်းတပ်များနှင့် စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲများပြင်းထန်ခဲ့ကြောင်း သိရသည်။
စစ်ကောင်စီတပ်က လေးမျက်နှာမြို့နယ် စက်စက်ယိုရွာအနီးသို့ စစ်ကြောင်းထိုးလာသဖြင့် ယမန်နေ့ ဇူလိုင် ၃၀ရက်နေ့တွင် အာရက္ခတပ်တော် (AA) နှင့်တော်လှန်ရေးပူးပေါင်းတပ်များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီက လေကြောင်းမှ ပစ်ခတ်တိုက်ခိုက်မှုများ ရှိကြောင်း သိရသည်။
”လေယာဉ်နဲ့ဗုံးကြဲတာကတော့ စက်စက်ယို၊ စောပြာနဲ့ ကျားကိုက်ကွင်းဘက်ပိုများတယ်။ ဗုံးမကြဲလည်း နေ့တိုင်းကင်းထောက်ပြီး ဝဲနေတာ” ဟု လေးမျက်နှာ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်ကောင်စီသည် ပန်းတောကြီးနှင့် ဆီဆုံကုန်း ကျေးရွာများဘက်သို့လည်း ခြေလျင် စစ်ကြောင်းထိုးပြီး လက်နက်ကြီးများဖြင့်ပါ ပစ်ခတ်တိုက်ခိုက်ခဲ့သည်။
စစ်ကောင်စီသည် ပြီးခဲ့သည့် ဇူလိုင် ၂၇ရက်နေ့ကလည်း လေးမျက်နှာနှင့် အင်္ဂပူမြို့နယ်အစပ်ရှိ ကျေးရွာများကိုလေ ကြောင်းမှတိုက်ခိုက်ခဲ့ကာ ဒေသခံအများစုကိုလည်း ခရီးသွားလာခွင့်နှင့် ဈေးဝယ် ခွင့်များပိတ်ပင်တားမြစ်ထားသည်။
အခြေခံစားသောက်ကုန်နှင့် စက်သုံးဆီသယ်ယူခွင့်ကို စစ်ကောင်စီ၏ ခွင့်ပြုမိန့်ပါမှသာ သယ်ယူခွင့် ပေးပြီး စားသောက်ကုန်များကို ၅ ရက်စာထက်ပိုမိုဝယ်ယူခွင့်မပြုကြောင်း ဒေသခံများထံမှ သိရသည်။