ဧရာ၀တီတိုင်းမ်
ဇူလိုင် ၃၁ ရက်

အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ (ကာ/လုံ) အစည်းအဝေးကို ယနေ့ ဇူလိုင် ၃၁ ရက် နံနက်ပိုင်းက နေပြည်တော်တွင် ကျင်းပခဲ့သည်။

ထိုအစည်းအဝေးတွင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ၎င်းအပေါ် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်နေ့မှစ၍ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ နှင့် ၄၁၈ အရ ပေးအပ်ထားသည့် နိုင်ငံတော်အာဏာဆိုင်ရာ တာဝန်များကို ပြီးမြောက်အောင် ဆောင်ရွက်ပြီးကြောင်း တင်ပြကာ နိုင်ငံတော်အာဏာကို ပြန်လည်လွှဲအပ်ခဲ့သည်ဟု ထုတ်ပြန်ခဲ့သည်။

ထို့နောက် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၂၇ အရ နိုင်ငံတော်ကာကွယ် ရေး၊ လုံခြုံရေးနှင့် အေးချမ်းသာယာရေး၊ ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးတို့အတွက်ဟုဆိုကာ ယာယီသမ္မတ မင်းအောင်လှိုင်သည် နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင် (လုံခြုံရေးကော်မရှင်) ကို ဖွဲ့စည်း၍ ဥက္ကဋ္ဌတာဝန်ကို ရယူလိုက်သည်။

အဆိုပါ လုံခြုံရေးကော်မရှင်တွင် ယာယီသမ္မတ တာဝန်ယူထားသည့် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူပြီး၊ ဒုစစ်ခေါင်းဆောင် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက ဒုတိယဥက္ကဋ္ဌအဖြစ် တာဝန်ယူသည်။

ထို့အပြင် စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ အကြံပေးအဖြစ် တာဝန်ယူထားသူ ဗိုလ်ချုပ်ကြီး ညိုစောအား စစ်ဘက်ရာထူးများ ဖယ်ရှား၍ နိုင်ငံတော်ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ရာထူးများ ပေးအပ်ကာ ဦးညိုစော လုံခြုံရေးကော်မရှင် (အဖွဲ့ဝင်) အဖြစ် ထည့်သွင်းထားသည်။

ယင်းအပြင် စစ်ခေါင်းဆောင်သည် ၎င်း၏လူယုံဖြစ်သူ ဗိုလ်ချုပ်ကြီး အောင်လင်းဒွေးကိုလည်း စစ်ဘက်ရာထူးများမှ ဖယ်ရှား၍ ဦးအောင်လင်းဒွေး လုံခြုံရေးကော်မရှင် (အဖွဲ့ဝင်) အဖြစ် ခန့်အပ်ထားသည်။

ယာယီသမ္မတ မင်းအောင်လှိုင်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသည့် လုံခြုံရေးကော်မရှင်တွင် အဖွဲ့ဝင် ၁၀ ဦးဖြင့် ဖွဲ့စည်းထားပြီး၊ ဗိုလ်ချုပ်ကြီး မောင်မောင်အေး (အဖွဲ့ဝင်)၊ ဒုတိယဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင် (အဖွဲ့ဝင်)၊ ပြည်ထောင်စုဝန်ကြီးများဖြစ်သည့် ဦးသန်းဆွေ နှင့် ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် (အဖွဲ့ဝင်)၊ ဗိုလ်ချုပ်ကြီး ကျော်စွာလင်း (အဖွဲ့ဝင်) တို့ ပါဝင်သည်။ ဗိုလ်ချုပ်ကြီး ရဲဝင်းဦးကို အတွင်းရေးမှူးအဖြစ် ထည့်သွင်းထားကြောင်း သိရသည်။

ဓာတ်ပုံ – MOI
ပုံစာ-စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် စစ်အရာရှိမျ