
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်
စစ်ခေါင်းဆောင် အသစ်ဖွဲ့စည်းသည့် အစိုးရအဖွဲ့တွင် ပညာရေးဝန်ကြီးဌာနကို မေ့ကျန်ခဲ့၍ ဝေဖန်မှုများမြင့်တက်ခဲ့ပြီးနောက် ထပ်မံဖြည့်စွက်ဖွဲ့စည်းကြောင်း ထုတ်ပြန်ခဲ့သည်။
ယနေ့ ဇူလိုင် ၃၁ ရက်နေ့တွင် စစ်ခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ကာလုံအစည်းအဝေးတွင် စစ်ကောင်စီကိုဖျက်သိမ်းပြီး နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ပြင်ဆင်ဖွဲ့စည်း၍ အစိုးရအဖွဲ့ကို ပြန်လည်ဖွဲ့စည်းရာတွင် ပညာရေးဌာနကို ထည့်သွင်းရန်မေ့ကျန်ခဲ့ခြင်းဖြစ်သည်။
ပြည်ထောင်စုအစိုးရ ဖွဲ့စည်းရာတွင် မေ့ကျန်ခဲ့သည့် ပညာရေးဝန်ကြီးဌာနကို ဖြည့်စွက်ဖွဲ့စည်းရာတွင် ဒေါက်တာချောချောစိန်ကို ဝန်ကြီးအဖြစ်ခန့်အပ်ကြောင်း သီးခြားအမိန့်ထုတ်ပြန် ကြေညာခဲ့ရသည်။
ယခုဖွဲ့စည်းလိုက်သည့် ကော်မရှင်အသစ်တွင် စစ်ကောင်စီ၏ ဥက္ကဋ္ဌဖြစ်သူ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကပင် ကော်မရှင်ဥက္ကဋ္ဌရာထူးနှင့် ယာယီသမ္မတတာဝန်များကို ဆက်လက်ယူထားသည်။
ယနေ့ကျင်းပသည့် ကာလုံအစည်းအဝေးအရ ဖွဲ့ စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ ပုဒ်မခွဲ (ခ) အရ ပြည်ထောင်စုအစိုးရအဖွဲ့ကို ဖွဲ့စည်းလိုက်ပြီး နိုင်ငံတော်ဝန်ကြီးချုပ်ရာထူးကို ဦးညိုစောအားတာဝန်ပေးလိုက်ကြောင်း ထုတ်ပြန်ထားသည်။
နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ကို ဖွဲ့စည်းကြောင်း သတင်းထုတ်ပြန်ရာတွင်လည်း စာလုံးပေါင်းများမှားယွင်းနေကြောင်း တွေ့ရသည်။
ဓာတ်ပုံ-အင်တာနက်