
ဧရာဝတီတိုင်းမ်
(ရေဖြူ)၊ဇူလိုင် ၃၁ ရက်
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာ အထွက်တွင် စစ်ကောင်စီတပ် စစ်ကူ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ၃၀ ဦး သေဆုံးပြီး တော်လှန်ရေး ရဲဘော် တစ် ဦး အသက်ဆုံးရှုံးခဲ့ကြောင်း ဒူရက စစ်ကြောင်း ထံမှသိရသည်။
တော်လှန်ရေးပူးပေါင်းတပ်များသည် ပြီးခဲ့သည့် ဇူလိုင် ၂၉ ရက် နံနက် ၇ နာရီ ၃၀ မိနစ်ခန့်က လောင်းလုံးမြို့နယ်၊ ပန်းတင်အင်းကျေးရွာ အထွက်တွင် စစ်ကောင်စီ၏ အင်အား ၃၀၀ ဝန်းကျင်ခန့်ပါ စစ်ကူ စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“စစ်ကြောင်းက မောင်းမကန် ဘက်ကနေထွက်လာကြတယ်။ စစ်သားရော ရဲရောပါတယ်။အဲဒီ စစ်ကြောင်း ကိုကြားဖြတ်တိုက်ခိုက်တာပါ။ စစ်ကြောင်းက စစ်ကူသွားမယ့်စစ်ကြောင်းပါ။ ထားဝယ် အထူးစီးပွားရေးဇုန် ရေနက်ဆိပ်ကမ်းကနေပြီး နယ်စပ်စခန်း နတ်အိမ်တောင် ကို စစ်ကူသွားမယ့် စစ်ကြောင်းပါ” ဟု ဒူရက စစ်ကြောင်း မှပြန်ကြား ရေးတာဝန်ခံ ရဲဘော်လူခါး က ဧရာဝတီတိုင်းမ် ကိုပြောသည်
တိုက်ပွဲသည် အပြန်အလှန်ပစ်ခတ်မှု ၁၀ နာရီခန့် ကြာမြင့်ခဲ့ပြီး တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၃၀ ဦးသေဆုံးပြီး တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့ဘက်မှ ရဲဘော် တစ် ဦး အသက်ပေးခဲ့ရကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ဓဝယ်အမျိုးသားလွတ်မြောက်ရေးတပ်တော် (DNLA) ၏ ဒူရကစစ်ကြောင်၊ DEF ၊ Tavoy People Liberation Force (TPLF) ၊နဂါးနီပျောက်ကျားတပ်ဖွဲ့၊ ဒေါနတပ်ခွဲ (၆) တို့က ပူးပေါင်းလုပ်ဆောင်ခဲ့ကြောင်း သိရသည်။
ပြည်သူများအနေဖြင့် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် စစ်ရေး အရှိန်အဟုန်တိုးမြှင့်ဆောင်ရွက်နေသည့် အချိန်ဖြစ်သောကြောင့် စစ်ရေးအထူး သတိပြု သွားလာနေထိုင်ကြရန် ဒူရက စစ်ကြောင်းက ထုတ်ပြန်ထားသည်။
ဓာတ်ပုံ ၊ ဒူရက စစ်ကြောင်း
ပုံစာ ၊ တော်လှန်ရေး ပူးပေါင်းတပ်ရဲဘော်များ နှင့် စစ်ကောင်စီ စစ်ကြောင်း မှ သိမ်းဆည်းရမိသော ခဲယမ်း နှင့်ဆင်စပ်ပစ္စည်းများ။