
နိုင်မင်းလွင်/ ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်
နိုင်ငံ့ရှေ့ခရီးအတွက် ဒုတိယစာမျက်နှာ စတင်ပြီဟု စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၏ ပြောဆိုမှုသည် ၎င်းတို့အနေဖြင့် စစ်ယူနီဖောင်းလဲ၍ ရွေးကောက်ပွဲလုပ်ရန် ရည်ညွှန်းခြင်းဖြစ်ကြောင်း လေ့လာစောင့်ကြည့်သူများက သုံးသပ်ထောက်ပြသည်။
စစ်ခေါင်းဆောင်သည် နေပြည်တော်တွင် ယမန်နေ့ ဇူလိုင် ၃၀ ရက်က ပြုလုပ်ခဲ့သော စစ်ကောင်စီ အဖွဲ့ဝင်များအား ဂုဏ်ပြုနှုတ်ဆက်ပွဲ၌ ထိုသို့ ထည့်သွင်းပြောဆိုကာ အောင်မြင်အောင် ဝိုင်းဝန်းကူညီ ပေးကြရန် တိုက်တွန်းသည်ဟု ၎င်းတို့ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါစကားရပ်နှင့် ပတ်သက်၍ စစ်ကောင်စီဘက်က တိတိကျကျ ဖော်ပြထားခြင်း မရှိသော်လည်း ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲလုပ်မည် ဆိုသောကြောင့် ကာလုံသို့ အာဏာလွှဲပြောင်းသွားမည့် သဘောမျိုးဟု မြန်မာ့အရေး လေ့လာသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
” ဒါတွေက ဒုတိယစာမျက်နှာရဲ့အစပါ။ ပထမစာမျက်နှာကတော့ ကျွန်တော်တို့ကျော်ခဲ့ပြီးပြီ။ ဒုတိယ စာမျက်နှာအစမှာ ကျွန်တော်တို့ တကယ့်ကောင်းမွန်လှတဲ့ လက်ရေးလှလှလေးနဲ့ရေးပြီးတော့မှ အောင်မြင်အောင်ဆောင်ရွက် ပေးနိုင်မယ်ဆိုရင် လုပ်ရတာတွေလုပ်ရကျိုးနပ်မယ်လို့ယုံကြည်ပါတယ်” ဟု စစ်ခေါင်းဆောင်က ဆိုထားသည်။
ထို့ပြင် ပြီးခဲ့သည့် အာဏာသိမ်း ၄ နှစ်ခွဲကာလတွင် အခက်အခဲပေါင်းစုံကို ရင်ဆိုင်ကျော်လွှား၍ ပထမစာမျက်နှာ အောင်မြင်ခဲ့သလို ၎င်းတို့အနေဖြင့် ယခုကဲ့သို့ အာဏာသိမ်းရခြင်းမှာ NLD အစိုးရကြောင့်ဟု စစ်ခေါင်းဆောင်မင်းအောင်လှိုင်က အပြစ်တင်ထားသည်။
“ဒုတိယစာမျက်နှာဆိုတာ သူဘောင်းဘီချွတ်မယ့် သဘောပါ။ ပုံစံတစ်မျိုး ပြောင်းပြီးတော့ ရွေးကောက်ပွဲကို ရည်ညွှန်းတာပေါ့။ ဒါပေမယ့် မင်းအောင်လှိုင်ကတော့ မင်းအောင်လှိုင်ပါပဲ” ဟု CDM ဗိုလ်ကြီးဇင်ယော်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
လက်ရှိတွင် စစ်ခေါင်းဆောင် ဦးဆောင်သော စစ်ကောင်စီသည် ၎င်းတို့ အာဏာသက်တမ်း ၆ လတစ်ကြိမ် တိုးယူထားမှုမှာ ယနေ့ဇူလိုင် ၃၁ ရက်တွင် ကုန်ဆုံးပြီဖြစ်၍ ရွေးကောက်ပွဲ လုပ်နိုင်ရန် ကာလုံအစည်းအဝေး ခေါ်ယူကာ အာဏာပြန်အပ်မည်ဖြစ်ကြောင်း သိရသည်။
ဓာတ်ပုံ – စစ်ကောင်စီ