
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၁ ရက်
ယခုနှစ်အစောပိုင်းကရေးဆွဲထားသော ပြည်တွင်းနှင့် ပြည်ပရောက် မြန်မာနိုင်ငံသားများ အီလက်ထရောနစ်သတင်းအချက်အလက်အလွဲသုံးပါက အရေးယူနိုင်မည့် ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်ခေါင်းဆောင်မင်းအောင်လှိုင်က နိုင်ငံတော်သမ္မတအဖြစ်လက်မှတ်ရေးထိုးပြီးအာဏာတည်ကြောင်း ထုတ်ပြန်ခဲ့သည်။
အဆိုပါဆိုက်ဘာလုံခြုံရေးဥပဒေ ပုဒ်မ ၂ တွင် ဤဥပဒေသည် နိုင်ငံတော်သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့်နေ့ရက်တွင် စတင်အာဏာတည်စေရမည်ဟုပါဝင်သည်။
ဆိုက်ဘာလုံခြုံရေးဥပဒေကို စစ်ကောင်စီရေးဆွဲသည့် ဥပဒေ အမှတ် ၁/ ၂၀၂၅ ဖြင့်ပြဌာန်းထားပြီး ဇူလိုင် ၃၀ ရက်၊ ၂၀၂၅ ခုနှစ် မှ စတင်အာဏာတည်စေရမည်ဖြစ်ပြီး ယင်းဥပဒေပုဒ်မ ၂ အရသတ်မှတ်ကြောင်း ထုတ်ပြန်သည်။
ပြည်တွင်းတွင်မှတ်ပုံတင်ထားပြီး အမျိုးသားဆိုက်ဘာနယ်ပယ်တစ်ခုခုနှင့်ချိတ်ဆက်ထားသည့်နေရာတွင် ပြည်ပရောက်မြန်မာနိုင်ငံသားများ ပြစ်မှကျူးလွန်ပါက ယင်းဥပဒေဖြင့်စီရင်ပိုင်ခွင့်ရှိကြောင်းပါဝင်သည်။
လက်ရှိတည်ဆဲဥပဒေအရအခွင့်အာဏာရှိသူကတောင်းဆိုလျှင် ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းလုပ်သူများထံမှ အသုံးပြုသူများ၏ကိုယ်ရေးအချက်အလက်များ၊ မှတ်တမ်းများထုတ်ပေးရန်လည်း ဥပဒေတွင်ပြဌာန်းထားသည်။
ဝန်ကြီးဌာနခွင့်ပြုချက်မရှိဘဲ VPN ထူထောင်သူနှင့် ဝန်ဆောင်မှုပေးသူတို့ကို ထောင်ဒဏ်အနည်းဆုံး တစ်လမှ ခြောက်လအထိနှင့် ငွေဒဏ် ကျပ် ၁၀ သိန်းမှ သိန်းတစ်ရာအထိချမှတ်မည်ဖြစ်ပြီး သက်သေခံပစ္စည်းများကို နိုင်ငံဘဏ္ဍာအဖြစ်သိမ်းမည်ဖြစ်ကြောင်းပါဝင်သည်။
နိုင်ငံတော်အတွင်းအသုံးပြုသူဦးရေ တစ်သိန်းနှင့်အထက်ရှိသော ဒစ်ဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုဆောင်ရွက်သူက မှတ်ပုံတင်မရှိလျှင် ငွေဒဏ် ကျပ်သိန်းတစ်ထောင်ကျပ်ပေးဆောင်ရမည်ဖြစ်ကြောင်း ဥပဒေ ပုဒ်မ ၆၄ တွင်ပြဌာန်းထားသည်။
ဒီဂျစ်တယ်ပလက်ဖောင်းဝန်ဆောင်မှုလုပ်ငန်းဆောင်ရွက်သူသည် မှတ်ပုံတင်မရှိဘဲ လုပ်ငန်းလုပ်လျှင် ငွေဒဏ် ကျပ် သိန်းငါးရာအောက်ပေးဆောင်ရမည်ဖြစ်ကြောင်း ဥပဒေပုဒ်မ ၆၅ ပြဌာန်းထားသည်။
ထို့ပြင် ခွင့်ပြုချက်မရှိဘဲ အွန်လိုင်းလောင်းကစားစနစ်တည်ထောင်ခြင်းနှင့် အများပြည်သူကြည့်ရှုဖို့မသင့်လျော်သော သတင်းအချက် အလက်ကိုအီလက်ထရောနစ်နည်းပညာဖြင့်ဖြန့်ဝေလျှင် ထောင်ဒဏ်နှင့် ငွေဒဏ်ဆောင်ရမည်ဟုပြဌာန်းလိုက်သည်။
စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းတွင်သတင်းအချက်ရရယူခွင့်ကိုထိန်းချုပ်ရန် Facebook လူမှုကွန်ရက်စာမျက်နှာများအပါအဝင် သတင်းမီဒီယာဌာနများနှင့် ဝက်ဆိုက်ဘ်အချို့ကိုပိတ်ပင်ထား၍ VPN ကိုကြားခံပြီးအသုံးပြုနေရသည်။
ဓာတ်ပုံ- ဧရာဝတီတိုင်းမ်