
ဧရာ၀တီတိုင်းမ်
ဇူလိုင် ၃၀ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ နိုင်ငံတော်ယာယီသမ္မတ ဒူဝါလရှီးလသည် NUG ထိန်းချုပ်နယ်မြေများသို့ မြေပြင်ခရီးစဥ် စတင်သွားရောက်ခဲ့ပြီး ဒေသခံပြည်သူလူထုနှင့် တော်လှန်ရေး ရဲဘော်များအား တွေ့ဆုံခဲ့သည်ဟု NUG က ယနေ့ ဇူလိုင်လ ၃၀ ရက်နေ့တွင် ထုတ်ပြန်သည်။
အဆိုပါခရီးစဉ်၏ အဓိကရည်ရွယ်ချက်မှာ NUG ထိန်းချုပ်နယ်မြေများရှိ လုံခြုံရေး၊ အုပ်ချုပ်ရေး၊ အခွန်ကောက်ခံရေး ယန္တရားများနှင့် အနီးကပ် ထိတွေ့လေ့လာရန်၊ မြေပြင်၌ ဦးဆောင်နေသည့် တာဝန်ခံများနှင့် တော်လှန်ရေးရဲဘော်များအကြား ယုံကြည်မှု၊ ခေါင်းဆောင်မှုနှင့် စနစ်ကျသည့် စီမံခန့်ခွဲမှုများ တည်ဆောက်နိုင်ရန်ဖြစ်သည်။
ထို့ပြင် ထိန်းချုပ်နယ်မြေအတွင်း ဖြစ်ပေါ်နေသည့် စိန်ခေါ်မှုများနှင့် ပြဿနာများကို သိရှိဖြေရှင်းရန်၊ တော်လှန်ရေးရဲဘော်များ၏ ခွန်အားနှင့် စိတ်ဓာတ်စွမ်းရည်ကို မြှင့်တင်ရန်၊ ပြည်သူလူထုနှင့် တစ်သားတည်းရှိနေသည်ကို သတင်းစကားပါးကာ တော်လှန်ရေးစိတ်ခွန်အား ပိုမိုမြှင့်တင်နိုင်ရန် တို့လည်း ပါဝင်ကြောင်း သိရသည်။
NUG ယာယီသမ္မတ ဒူဝါလရှီးလ၏ ခရီးစဉ်အတွင်း ဒေသခံပြည်သူလူထုအပါအဝင် မြို့နယ်/ခရိုင် အလိုက် ပြည်သူ့အုပ်ချုပ်ရေး၊ ကာကွယ်ရေးတာဝန်ခံများ၊ တပ်ရင်းမှူးများ၊ စစ်ဒေသမှူးများနှင့် ရပ်မိရပ်ဖများ၊ သံဃာတော်များအား တွေ့ဆုံခဲ့သည်။
ယာယီသမ္မတသည် စစ်ဘေးရှောင်ပြည်သူများနှင့်လည်း တွေ့ဆုံ၍ ၎င်းတို့ကြုံတွေ့ခံစားနေရသည့် ဘေးဒုက္ခများကို အလေးအနက်ထား နားထောင်ပြီး စိတ်ဓာတ်ခွန်အား ဝေမျှခြင်း၊ ကူညီလှူဒါန်းမှုများ ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
NUG ယာယီသမ္မတနှင့်အတူ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပညာရေးနှင့် ကျန်းမာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာတူးခေါင် အပါအဝင် NUG အစိုးရအဖွဲ့ဝင်များနှင့် ရုံးအဖွဲ့များ ပါဝင်ခဲ့ကြောင်း သိရသည်။
ခရီးစဉ်တစ်လျှောက် လုံခြုံရေးကို အမှတ် (၁) စစ်ဒေသမှ အထူးတာဝန်ယူ ကြီးကြပ်ဆောင်ရွက် ပေးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ဓာတ်ပုံ-NUG