
ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့အထိရောက်ရှိလာသည့်သင်္ဘောများမှ ရှေ့ပြေးသင်္ဘော ငါးစင်း ကြက်တူရွေး နုတ်သီးအောက် ဝဲမအရောက်တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
ဝဲမသို့ ရောက်ရှိလာသည့် ရှေ့ပြေး စစ်သင်္ဘောများကို ယနေ့ ဇူလိုင် ၃၀ရက်နေ့တွင် တော်လှန်ရေးပူးပေါင်း အဖွဲ့များက တိုက်ခိုက်ရာ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ဦးခန့်သေဆုံးကြောင်း သိရသည်။ တိုက်ခိုက်ခံရပြီးနောက် စစ်သင်္ဘောများမှာ ရွှေကူသို့ ပြန်လှည့်သွားကြကြောင်း ကချင် သတင်းရင်းမြစ်ထံမှ သိရသည်။
”လူအင်အားနဲ့ ရိက္ခာတွေချပြီး စစ်သင်္ဘော ၃စီး ရွှေကူကို ပြန်လှည့်သွားပါတယ်” ဟု ကချင်သတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ယမန်နေ့ ဇူလိုင် ၂၉ရက်နေ့က ရွှေကူရောက်စစ်သင်္ဘောများ တိုက်ခိုက်ခံရသည့်အတွက် ကမ်းကပ် ထားသည့် သင်္ဘောများအနက် ငါးစင်းသည် ကြက်တူရွေးနုတ်သီးနားအထိ ရှေးပြေးထွက်လာခြင်းဖြစ်ပြီး ရှေ့ပြေးသင်္ဘောများတိုက်ခိုက်ခံရချိန်တွင် စစ်ကောင်စီက လက်နက်ကြီးများဖြင့် ပြန်လည်ပစ်ခတ်ခဲ့ကာ လေကြောင်းမှ Y-12 လေယာဉ်ဖြင့် (၁၁) ကြိမ်တိုင် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။
ပြီးခဲ့သည့် ဇူလိုင် ၂၇ရက်နေ့ကရွှေကူသို့ ကမ်းကပ်လာသည့် သင်္ဘောများကို တော်လှန် ရေးပူးပေါင်း တပ်က တိုက်ခိုက်ရာ သင်္ဘောတစ်စင်း မီးလောင်ပျက်စီးပြီး တပ်ကြပ်အသစ် နှစ်ယောက်သေဆုံးခဲ့သည်။
စစ်သင်္ဘောများ ချီတက်လာသည့် ဇူလိုင် ၁၇ ရက်နေ့တွင် ဝက်လက်နယ်ရှိ ရေလည်မော်၊ ငါးပတ်ချောင်း၊ ရှားကွဲကျေးရွာများကို စစ်ကောင်စီက ဗုံးကြဲခဲ့ပြီး ပြည်သူ ၂၀ခန့် သေဆုံးခဲ့ကြောင်း သိရသည်။