
ဧရာဝတီတိုင်းမ်
(ရေဖြူ) ၊ ဇူလိုင် ၃၀ ရက်
တနင်္သာရီတိုင်း ၊ ကော့သောင်းခရိုင် ၊ကော့သောင်းမြို့နယ် အခြေစိုက် အမှတ် (၄၃၁) ခြေမြန်တပ်ရင်းမှ စစစ်မှုထမ်းဥပဒေကြောင့် စစ်သင်တန်းတက်ရောက်ခဲ့ရသည့် စစ်ကောင်စီတပ်သား တစ်ဦး ဇူလိုင် ၂၉ ရက်နေ့က အလင်းဝင်ရောက်လာကြောင်း ကော့သောင်းမြို့နယ်ပြည်သူ့ကာကွယ်ရေး အဖွဲ – ပကဖ တာဝန်ရှိသူထံမှသိရသည်။
အလင်းဝင်ရောက်လာသော စစ်ကောင်စီတပ်သားသည် ရန်ကုန်တိုင်း ၊ တိုက်ကြီးမြို့နယ် မှ အသက် ၂၆ နှစ်အရွယ် တပ်သား အေးမင်းထွန်း ဖြစ်ပြီး ရွှေဘိုမြို့ အမှတ်(၈) လေ့ကျင့်ရေးသင်တန်းကျောင်းတွင် စစ်သင်တန်းတက်ရောက်ခဲ့ရသည်။
ထိုသို့ သင်တန်းတက်ရောက်ပြီးနောက် ကော့သောင်းမြို့နယ် အခြေစိုက် ခမရ – ၄၃၁ တပ်ရင်းသို့ ပို့ဆောင်ခြင်းခံရကာ တစ်နှစ်ကျော် စစ်မှုထမ်းနေစဉ် ထွက်ပြေးလာခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။
“အခု ထွက်ပြေးလာတဲ့ (စစ်ကောင်စီ) တပ်သား က ဒီ တစ်ကြိမ်နဲ့ဆို ထွက်ပြေးနေတာ သုံးကြိမ်ရှိပြီ။ အရင်က နှစ်ကြိမ်က ထွက်ပြေးလိုက်၊ ပြန်ဖမ်းမိလိုက် ၊ အချုပ်ကြလိုက်ပေါ့။ အခု တစ်ခါက လွတ်လာ တာပေါ့။ သူကထွက်ပြေးလာပြီး မှ ကျွန်တော်တို့ကို ဆက်သွယ်လာတယ်။ လက်နက်တော့မပါလာဘူး။ ကိုယ်လွတ်ရုန်းပြီးထွက်ပြေးလာတယ်။ စစ်ကောင်စီတပ်ထဲမှာ နောက်ထပ်ထွက်ပြေးချင်တဲ့ ရဲဘော်တွေ အများကြီး ရှိနေတယ်လို့ တပ်သား အေးမင်းထွန်းကပြောတယ်” ဟု ကော့သောင်းမြို့နယ်ပကဖ ပြန်ကြားရေးတာဝန်ခံ ကိုတိုက်ဂါး က ဧရာဝတီတိုင်းမ်ကိုပြောသည်။
ယခုကဲ့သို့ အလင်းဝင်ရောက်လာသည့် စစ်ကောင်စီတပ်သားကို ဘေးကင်းလုံခြုံသည့်နေရာတွင် စီစဥ် ဆောင်ရွက်ပေးထားပြီး ၎င်း၏ဆန္ဒအတိုင်း လုပ်ဆောင်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါ တပ်ရင်းထံမှ သိရသည်။
ကော့သောင်းမြို့နယ်အတွင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များနှင့် စစ်ကောင်စီယန္တယားတွင် ပါဝင်ဆောင် ရွက်လျက်ရှိသော ဝန်ထမ်းများအားလုံးအား ပြည်သူ့ရင်ခွင်သို့ အမြန်ဆုံးခိုလှုံကြပါရန် အဆိုပါတပ်ရင်းမှ အသိပေးထားသည်။
ကော့သောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ)အနေဖြင့် ပြည်သူ့ဘက်သို့ မရပ်တည်သော မည်သည့်စစ်ကောင်စီ ဝန်ထမ်းမျိုးဖြစ်စေ၊ စစ်ကောင်စီဒေါက်တိုင်မှန်သမျှ မည်သူ့ ကိုမဆို လုပ်ထုံးလုပ်နည်းနှင့်အညီ ထိရောက်စွာ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပုံစာ-အလင်းဝင်ရောက်လာသော ခမရ – ၄၃၁ တပ်ရင်း မှ တပ်သား အေးမင်းထွန်း။