ဧရာ၀တီတိုင်းမ်
ဇူလိုင် ၃၀ ရက်

ထိုင်းတော်ဝင်လေတပ်ဦးစီးချုပ် လေတပ်ဗိုလ်ချုပ်ကြီး ဖန်ပတ်ဒီ ပတ်တနကူ (Phanpakdee Pattanakul) နှင့် စစ်ကောင်စီလေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်တို့သည် ယနေ့ ဇူလိုင် ၃၀ ရက်၊ နံနက် ၈ နာရီက ထိုင်းတော်ဝင်လေတပ်ဌာနချုပ်တွင် တွေ့ဆုံခဲ့ကြသည်။

ထိုတွေ့ဆုံမှုတွင် နှစ်နိုင်ငံ ဒေသတွင်း လုံခြုံရေးနှင့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ပူးပေါင်း ဆောင်ရွက်မှုများကို မြှင့်တင်ရန် ဆွေးနွေးခဲ့ကြောင်း ထိုင်းတော်ဝင်လေတပ်က ထုတ်ပြန်ထားသည်။

လေတပ်ဦးစီးချုပ်နှစ်ဦးသည် နှစ်ဖက်လေတပ်အကြား လုံခြုံရေးပူးပေါင်းဆောင်ရွက်မှု၊ အပြန်အလှန် လည်ပတ်ရေးအစီအစဉ်များ၊ လေ့ကျင့်ရေးနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီပေးရေး လုပ်ငန်းများမှတစ်ဆင့် ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရန် ကတိကဝတ်ပြုခဲ့ကြသည်။

အထူးသဖြင့် ထိုင်းလေတပ်ဦးစီးချုပ်က မြန်မာ့လေတပ်အရာခံဗိုလ်များအတွက် သင်တန်းများပေးရန်၊ အနာဂတ်တွင် အသုံးပြုမည့် ဒရုန်း (မောင်းသူမဲ့ လေယာဉ်) များနှင့် ပတ်သက်သော သုတေသနလုပ်ငန်းများ၊ နည်းပညာအသစ်များ လုပ်ဆောင်မည့် ကိစ္စများအတွက် ဆွေးနွေးခဲ့ကြောင်း ထိုင်းတော်ဝင်လေတပ်က ဖော်ပြထားသည်။

စစ်ကောင်စီ၏လေတပ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ထွန်းအောင်က လူသားချင်းစာနာထောက်ထားမှု အကူအညီများ ပေးခဲ့သည့် ထိုင်းဘုရင်မင်းမြတ် ၊ ဘုရင်မကြီး နှင့် မြန်မာနိုင်ငံတွင် လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်သင့်ပြည်သူများကို ကူညီခဲ့သည့် ထိုင်းပြည်သူများ၏ ပံ့ပိုးမှုများကို ကျေးဇူးတင်ရှိကြောင်း ပြောဆိုခဲ့သည်။

မြန်မာလေတပ်ဦးစီးချုပ်၏ ခရီးစဉ်သည် နှစ်နိုင်ငံလေတပ်အကြား အပြန်အ လှန်နားလည်မှုကို မြှင့်တင်ပေးကာ ဒေသတွင်း ပူးပေါင်းလုံခြုံရေးကိုလည်း အထောက်အကူပြုမည် ဖြစ်သည်ဟု ထိုင်းလေတပ်က ထုတ်ပြန်သည်။

ဓာတ်ပုံ-Royal Thai Air Force (Facebook)
ကိုးကား: Royal Thai Air Force