ဧရာ၀တီတိုင်းမ်
(မန္တလေး)၊ ဇူလိုင် ၃၀ ရက်

မန္တလေးတိုင်း၊ စဉ့်ကူးမြို့နယ်ရှိ လက်ပန်လှကျေးရွာ ရဲစခန်းနှင့် ရွှေပန်းတောကျေးရွာတို့ကို စစ်ကောင်စီသည် ဇူလိုင် ၂၉ ရက်နေ့ ညနေပိုင်းက လေကြောင်းမှ တိုက်ခိုက်ခဲ့ရာ အကျဉ်းသားများနှင့် ဒေသခံပြည်သူများ သေဆုံးထိခိုက်မှုများပြားခဲ့ကြောင်း MDY-PDF (ပြည်သူ့ကာကွယ်ရေးတပ်မတော်-မန္တလေး) က ယနေ့ဇူလိုင် ၃၀ ရက်တွင် ထုတ်ပြန်သည်။

လေကြောင်းတိုက်ခိုက်မှုကြောင့် လက်ပန်လှရဲစခန်းတွင် ပြစ်ဒဏ်ကျခံနေသော အကျဉ်းသားများနှင့် စစ်ဆေးနေဆဲ သံသယတရားခံများဖြစ်သည့် အမျိုးသား ၂၁ ဦးနှင့် အမျိုးသမီး ၁ ဦးတို့ အသက်ဆုံးရှုံးခဲ့ရပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၀ ဦးဝန်းကျင် ရှိခဲ့သည်။

ထို့အပြင် ရွှေပန်းတောကျေးရွာကိုလည်း လေကြောင်းမှ တိုက်ခိုက်ခဲ့သည့်အတွက် ပြည်သူ အမျိုးသား တစ်ဦးနှင့် အမျိုးသမီး တစ်ဦးတို့ အသက်ဆုံးရှုံးခဲ့ရသည်။

ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) က အကြမ်းဖက်စစ်ကောင်စီအနေဖြင့် ပြည်သူလူထုကို ပစ်မှတ်ထားကာ လေကြောင်းတိုက်ခိုက်မှုများကို ဆက်တိုက်ပြုလုပ်နေခြင်းသည် စစ်ရာဇဝတ်မှုများကို ပေါ်ပေါ်ထင်ထင် ကျူးလွန်နေခြင်းဖြစ်သည်ဟု ၎င်းတို့၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ-ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး)