
နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်
စစ်အာဏာသိမ်းပြီးနောက် တပ်တွင်းသတင်းများ ပေါက်ကြားနေ၍ ခြိမ်းခြောက်သည့်အနေဖြင့် သေဒဏ်အထိ ချမှတ်နိုင်သော စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်း ဥပဒေကို စစ်ခေါင်းဆောင်က ပြဌာန်းလိုက်ပြီး ထိုအပေါ် CDM အရာရှိနှင့် ဥပဒေပညာရှင်တို့က ဝေဖန်ထောက်ပြကြသည်။
မြန်မာနိုင်ငံတွင် နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနှင့် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေဟူ၍ ပြဌာန်းတည်ရှိထားသော်လည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် အသစ်ထပ်မံ၍ ဇူလိုင် ၂၈ ရက်တွင် ယင်းဥပဒေကို လက်မှတ်ရေးထိုး ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
“သူ့လက်အောက်ခံတွေက သူတို့အပေါ်မှာ အပြည့်အဝ သစ္စာမခံကြတော့ဘူး။ ယုံကြည်မှုမရှိတော့ဘူး။ ဒါကိုစိုးရိမ်နေလို့ ခြိမ်းခြောက်တဲ့ သဘော၊ ဟန့်တားဖို့အတွက် အခုလို ပြင်းပြင်းထန်ထန် ဥပဒေထုတ်လာတာ” ဟု CDM ဗိုလ်ကြီး ညီသုတ က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် CDM ပြုလုပ်ထားသူများပါ အကျုံးဝင်ပြီး ယင်းဥပဒေကို ကိုင်စွဲ၍ သာမန်အသေးအဖွဲ့၊ ရုံးတွင်းစာများမှအစ စစ်ဆင်ရေးနှင့် သက်ဆိုင်သည်ဆိုကာ စစ်ကောင်စီက ဖိနှိပ်သွားမည့် သဘောမျိုးရှိကြောင်း ၎င်းက ဆက်လက်ထောက်ပြသည်။
စစ်ခေါင်းဆောင်၏ အဆိုပါဥပဒေတွင် ကာကွယ်ရေးဝန်ထမ်းဖြစ်သည့် စစ်သား၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နှင့် ပျူစောထီးကဲ့သို့ တပ်ဖွဲ့များအပြင် ကာကွယ်ရေးဝန်ထမ်းဟောင်း စစ်မှုထမ်းများလည်း ပါဝင်နေပြီး ပြစ်မှုကျူးလွန်ပါက ထောင်ဒဏ်တစ်သက်ဖြစ်စေ၊ သေဒဏ်ဖြစ်စေ ချမှတ်မည်ဟု ပြဌာန်းထားသည်။
စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များကိုမူ စစ်ကောင်စီက အချက်သုံးချက်ဖြင့် အဓိပ္ပာယ်ဖွင့်ဆိုထားပြီး ထိုအထဲတွင် စစ်ဘက်ဆိုင်ရာ အဂ္ဂမဟာဗျူဟာများ၊ မဟာဗျူဟာများ၊ နည်းဗျူဟာများနှင့် စစ်ဘက်လေ့ကျင့်ရေးဆိုင်ရာ ကိစ္စရပ်များ ပါဝင်သည်ဟု ဖော်ပြထားသည်။
ယင်းအပြင် စစ်ကောင်စီသုံး ရေယာဉ်၊ လေယာဉ်၊ အခြားယာဉ်၊ စက်ယန္တရား၊ လက်နက်ခဲယမ်း၊ စစ်အသုံးအဆောင်ပစ္စည်းတို့နှင့် သက်ဆိုင်သော နည်းပညာများ၊ နည်းစနစ်များ၊ ထုတ်လုပ်တပ်ဆင်မှုပညာရပ်များနှင့် သတင်းအချက်အလက်များလည်း ထည့်သွင်းပြဌာန်းထားကြောင်း သိရသည်။
ယခင်ပြဌာန်းတည်ရှိထားသော နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေနှင့် ၁၉၅၉ ခုနှစ်၊ တပ်မတော်အက်ဥပဒေတို့တွင် စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များနှင့် ပတ်သက်၍ အပြည့်အစုံ ဖော်ပြထားပြီးဖြစ်၍ ယခုဥပဒေသည် အပိုလုပ်သည့် ဥပဒေသာဖြစ်ကြောင်း တရားလွှတ်တော်ရှေ့နေ စောဘဦးလေးက ဆိုသည်။
“အဲဒီအပေါ် ထပ်ဆောင်းပြီးတော့ ဥပဒေကို ပြဌာန်းတယ်ဆိုတာက နိုင်ငံတော်အတွက်လည်း ဥပဒေ ဝန်ဖိသလို တစ်ဖက်မှာလည်း ဥပဒေတွေရဲ့ ဝိရောဓိတွေ ဖြစ်နိုင်တဲ့ အနေအထားမျိုး ရှိပါတယ်” ဟု ၎င်းက ဧရာဝတီတိုင်းမ်ကို သုံးသပ်ပြောဆိုသည်။
စစ်ကောင်စီသည် နိုင်ငံတော်၏ အစိုးရမဟုတ်သလို ဥပဒေပြဌာန်းပိုင်ခွင့်ရှိသော လွှတ်တော်တစ်ရပ်လည်း မဟုတ်သည့်အတွက် ၎င်းတို့ အာဏာသိမ်းပြီး ပြဌာန်းလာသည့် ဥပဒေများသည် မူလကတည်းက ပျက်ပြယ်သော သို့မဟုတ် တရားမဝင် ဥပဒေဖြစ်ကြောင်း စောဘဦးလေးက မှတ်ချက်ပြုသည်။
စစ်ခေါင်းဆောင်ကမူ တည်ဆဲဥပဒေ တစ်ရပ်ရပ်တွင် မည်သို့ပင်ပြဌာန်းထားပါစေ လက်ရှိ ၎င်းပြဌာန်းလိုက်သော စစ်ဘက်ဆိုင်ရာ လျှို့ဝှက်ချက်များ ထိန်းသိမ်းကာကွယ်ခြင်း ဥပဒေဖြင့်သာ ပြစ်မှုကျူးလွန်သူအား အရေးယူသွားမည်ဟုဆိုသည်။
ဓာတ်ပုံ – စစ်ကောင်စီ