ဧရာဝတီတိုင်းမ်
ဇူလိုင် ၃၀ ရက်

ရုရှားနိုင်ငံ၏ အရှေ့ဖျား ကမ်ချတ်ကာကျွန်းဆွယ် ကမ်းလွန်ပင်လယ်ပြင်တွင် ပြင်းအား ရစ်ချ်တာစကေး ၈.၇ အဆင့်ရှိ အင်အားပြင်းငလျင်တစ်ခု လှုပ်ခတ်ခဲ့ပြီး ဆူနာမီသတိပေးချက်များ ထုတ်ပြန်ခဲ့သည်။

အဆိုပါ ငလျင်သည် ဒေသစံတော်ချိန် ဗုဒ္ဓဟူးနေ့ နံနက် ၈ နာရီ ၂၅ မိနစ်က ပီထရိုပါဗလော့ဗ်စခ်-ကမ်ချတ်စကီးမြို့၏ အရှေ့ဘက် ၁၃၆ ကီလိုမီတာခန့်အကွာတွင် ဗဟိုပြုလှုပ်ခတ်ခဲ့ကြောင်း အမေရိကန် ဘူမိဗေဒတိုင်းတာရေးဌာန (USGS) ကဆိုသည်။

ငလျင်လှုပ်ပြီးနောက် ဂျပန်၊ ထိုင်ဝမ်၊ ဟာဝိုင်အီ၊ အလက်စကာနှင့် အမေရိကန် အနောက်ဘက် ကမ်းရိုးတန်းများအတွက် ဆူနာမီသတိပေးချက်များနှင့် စောင့်ကြည့်ရန် သတိပေးချက်များ ထုတ်ပြန် ခဲ့သည်။

ဂျပန်နိုင်ငံ၏ မိုးလေဝသအေဂျင်စီက ၁ မီတာ (၃.၃ ပေ) အထိ မြင့်မားသော ဆူနာမီလှိုင်းများ ဖြစ်ပေါ်နိုင်ကြောင်း သတိပေးထားသည်။

ရုရှား အရေးပေါ်ဝန်ကြီးဌာန၏ ပြောကြားချက်အရ လူဦးရေ ၂,၀၀၀ ခန့်နေထိုင်သည့် ဆာဟာလင်ဒေသရှိ ဆီဗဲရိုး-ကူရစ်လ်စ် (Severo-Kurilsk) ဆိပ်ကမ်းမြို့ ရေလွှမ်းမိုးခဲ့ပြီး မြို့ခံလူထုကို ဘေးလွတ်ရာ ရွှေ့ပြောင်းပေးခဲ့ရသည်။

ကမ်ချတ်ကာတွင် ထိခိုက်ဒဏ်ရာရရှိသူ မရှိခဲ့သော်လည်း မူကြိုကျောင်းတစ်ခု ပျက်စီးခဲ့ပြီး ငလျင်သည် “ဆယ်စုနှစ်များအတွင်း အပြင်းထန်ဆုံး” ဖြစ်သည်ဟု ဒေသအုပ်ချုပ်ရေးမှူး ဗလာဒီမာ ဆိုလိုဒေါ့ဗ်က ဆိုသည်။

ဂျပန်နိုင်ငံ ဖူကူရှီးမား နျူကလီးယားစက်ရုံမှ ဝန်ထမ်းများကိုလည်း ဆူနာမီသတိပေးချက်များကြောင့် ဘေးလွတ်ရာသို့ ရွှေ့ပြောင်းခဲ့ပြီး ဆူနာမီကျွမ်းကျင်သူ၏ သုံးသပ်ချက်အရ ဆူနာမီလှိုင်းများသည် ပစိဖိတ်ကျွန်းအချို့တွင် ပိုမိုပြင်းထန်စွာ ခံစားရနိုင်ကာ ဂျပန်နိုင်ငံမှာမူ လမ်းကြောင်းအရ အန္တရာယ် ပိုမိုနည်းပါးကြောင်း သိရသည်။

ဓာတ်ပုံ – ရိုက်တာ
ကိုးကား – အယ်လ်ဂျာဇီးယား (Al Jazeera)