
ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်
မိုးဆက်မပြတ်ရွာသွန်းမှုကြောင့် ပဲခူးတိုင်း၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့ရှိ မြစ်ကြီးများတွင် စိုးရိမ်ရေအမှတ် ကျော်လွန်မြင့်တက်နေကာ ဆက်လက်တည်ရှိနေမည်ဖြစ်ကြောင်း စစ်ကောင်စီ၏ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ၏ ယနေ့ ဇူလိုင် ၂၉ ရက်ညနေပိုင်း ထုတ်ပြန်ချက်အရ သိရသည်။
လက်ရှိတွင် စစ်တောင်းမြစ်၊ ရွှေကျင်မြစ်၊ သံလွင်မြစ်၊ သောင်းရင်းမြစ်နှင့် ဘီလင်းမြစ်ရေတို့ ဆက်လက်မြင့်တက်နိုင်ဖွယ် ရှိသဖြင့် ရေဝင်ရောက်မှုရှိသော အိမ်ထောင်စုများ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းနေထိုင်နေကြရသည်။
ရေကြီးရေလျှံမှုကြောင့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ပင်းတယမြို့နယ်တွင် အမျိုးသား သုံးဦးနှင့် အမျိုးသမီး သုံးဦး၊ စုစုပေါင်း ခြောက် ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရသည်။
တောင်ငူမြို့ရှိ ဒိုးသောင်တံတား ကျိုးကျခြင်းအပါအဝင် ရှမ်းပြည်နယ်ဘက်တွင် လမ်းနှင့်တံတားများစွာ ပျက်စီးခဲ့ပြီး ရေဘေးသင့်ပြည်သူ သောင်းနှင့်ချီ ရှိနိုင်ကြောင်း ဒေသခံများက ဆိုသည်။
ရှမ်းပြည်နယ်၊ ကလောမြို့တွင်လည်း ကလောချောင်းရေကြီးမှုကြောင့် အမှတ် (၂)၊ (၃)၊ (၄) ရပ်ကွက်တို့မှ ရေဘေးရှောင်ပြည်သူ ၁,၃၇၈ ဦးကို နီးစပ်ရာဆွေမျိုးများ၏ နေအိမ်များသို့ ကူညီရွှေ့ပြောင်းပေးခဲ့ရကြောင်း မီးသတ်ဦးစီးဌာနထံမှ သိရသည်။
ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ရေသည် တောင်ငူမြို့တွင် စိုးရိမ်ရေမှတ် ၆၀၀ စင်တီမီတာအထက် ၆၆ စင်တီမီတာကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း မိုး/ဇလက ခန့်မှန်းထားသည်။
“မနှစ်က တောင်ငူမှာ ရေကြီးတဲ့အမှတ်အထိတော့ မရောက်သေးဘူး။ ရပ်ကွက်ထဲ ရေဝင်လို့ အိမ်တွေရေမြုပ်တော့ ဘုန်းကြီးကျောင်းမှာ ရွှေ့ပြောင်းနေထိုင်တယ်” ဟု တောင်ငူမြို့ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့အပြင် စစ်တောင်းမြစ်ရေသည် မဒေါက်မြို့တွင်လည်း စိုးရိမ်ရေမှတ်ကျော်လွန်ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း ၂ လက်မခန့် ထပ်မံမြင့်တက်နိုင်သည်ဟု ဆိုသည်။ ရွှေကျင်မြစ်ရေသည် ရွှေကျင်မြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် ထပ်မံမြင့်တက်လာနိုင်ကြောင်း သိရသည်။
သံလွင်မြစ်ရေသည် ဘားအံ့မြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်နိုင်ကာ ဘီလင်းမြစ်ရေသည် ဘီလင်းမြို့တွင် စိုးရိမ်ရေမှတ်ကျော်လွန်နေပြီး လာမည့်တစ်ရက်အတွင်း ပေဝက်ခန့် မြင့်တက်နိုင်ကြောင်း မိုး/ဇလက ထုတ်ပြန်ထားသည်။
မြန်မာ-ထိုင်းနယ်စပ်ရှိ သောင်းရင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ၉၆၃ စင်တီမီတာဖြစ်သော်လည်း လက်ရှိတွင် ၁၁၄၁ စင်တီမီတာအထိ ရောက်ရှိနေပြီး လာမည့်တစ်ရက်အတွင်း တစ်ပေခန့် ဆက်လက်မြင့်တက်မည်ဟု ခန့်မှန်းရသည်။
သို့ရာတွင် တာချီလိတ်မြို့ရှိ မယ်ဆိုင်ချောင်းရေမှာမူ စိုးရိမ်ရေအမှတ်အထက် ၇ ပေကျော်မြင့်တက်ခဲ့သော်လည်း ယနေ့ ဇူလိုင် ၂၉ ရက်နေ့တွင် ရေပြန်လည်ကျသွားပြီဖြစ်ကြောင်း သိရသည်။
လက်ရှိတွင် မြန်မာတစ်နိုင်ငံလုံး ရေကြီးရေလျှံမှုများ ဖြစ်ပွားနေသော်လည်း စစ်ကောင်စီလက်အောက်ရှိ ဌာနဆိုင်ရာများမှ ပြည်သူများအား တစ်စုံတစ်ရာ ရွှေ့ပြောင်းကူညီခြင်း၊ နေရာချထားခြင်းနှင့် ကယ်ဆယ်ရေးလုပ်ငန်းဆောင်ရွက်နေခြင်းများ လုပ်ဆောင်နေသည်ကို မတွေ့ရပေ။
ဓာတ်ပုံ – လူမှုကွန်ရက်