ဧရာဝတီတိုင်းမ်
ဇူလိုင် ၂၉ ရက်

မန္တလေးမြိုု့မှ ဧရာဝတီမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ စစ်သင်္ဘောအုပ်စု ကြားဖြတ်အတိုက်ခံရပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးကြောင်း သိရသည်။

ဗန်းမော် အမှတ်(၂၁)စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် (စကခ -၂၁) ကို အင်အားဖြည့်ရန်နှင့် တပ်ပြောင်းရန်ရောက်ရှိလာသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်(လပခ) နန်းတွင်းမှ တင်ခေါ်လာသည့် ရေယာဉ်ပစ်ခတ်ခံရပြီး တပ်ကြပ်နှစ်ဦးသေဆုံးကြောင်း စစ်ရေးသတင်းရင်းမြစ်ထံမှ သိရသည်။

“ဗန်းမော်ကို အင်အားဖြည့်ဖို့ဆိုပြီး ရာထူးတိုးပြီးတင်‌ ပေးလိုက်တဲ့ တပ်ကြပ်နှစ်ယောက်သေပါတယ်။ တပ်မ (၈၈) ထဲက တပ်ဖွဲ့ဝင် လေးယောက်လည်း ရွှေကူကို ကမ်းကပ်တုန်း ထွက်ပြေးလွတ်မြောက်သွားတယ်လို့ သိထားပါတယ်”ဟု စစ်ရေးသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရာထူးချက်ချင်းတိုးပေးပြီး သင်္ဘောပေါ်တင်ပေးလိုက်သည့် ခလရ ၂၃၇ နှင့် ခမရ ၄၃၇ တို့မှ တပ်ကြပ်နှစ်ဦးမှာ ပြီးခဲ့သည့် ဇူလိုင် ၂၇ ရက်နေ့က ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် တော်လှန်ရေးပူးပေါင်းတပ်များ၏ ဝင်ရောက်တိုက်ခိုက်မှုကို ခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရသည်။

တိုက်ခိုက်ခံရ၍ သေဆုံးသွယာားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ အလောင်းများကို မလည်ရွာအရောက်တွင် ကမ်းကပ်ပြီး ချပေးခဲ့ကြောင်းသိရသည်။

ရွှေကူမြို့၌ ကမ်းကပ်ထားသည့် သင်္ဘောများအနက် စစ်သင်္ဘောငါးစီးသည် ယနေ့ ဇူလိုင် ၂၉ ရက် နံနက် ၁၀ နာရီက ရှေ့ပြေးအနေဖြင့် ထွက်ခွာလာရာ ကြက်တူရွေးနုတ်သီးနားအထိ ရောက်ရှိနေပြီဖြစ်ကြောင်း သတင်းရင်းမြစ်ထံမှ သိရသည်။

ဂေါဝိန်ဆိပ်မှ တက်လာသည့် စစ်သင်္ဘောများမှာ ကြားဖြတ်တိုက်ခိုက်မှုများခံရပြီး အချို့ဆိပ်ကမ်းများတွင် လက်နက်နှင့်ရိက္ခာချရန် ကမ်းကပ်နေရစ်ခဲ့သည်များရှိသလို တော်လှန်ရေးတပ်ဖွဲ့များတိုက်ခိုက်မှုကြောင့် မီးလောင်ပျက်စီးသွားသည့် သင်္ဘောများလည်းရှိကြောင်း သိရသည်။

ပုံစာ-မန္တလေးမြိုု့မှ ဧရာဝတီမြစ်အတွင်း ဆန်တက်လာသည့် စစ်ကောင်စီ၏ရေယယာဉ်တစ်စင်းကိုတွေ့ရစဉ်။